Monday, May 23, 2016

ကုမ္ပဏီမှတ်ပုံတင်ကြေးပြောင်းလဲပြင်ဆင်ရေးနှင့် ကျပ်သိန်း တစ်သောင်းချီးမြှုင့်မည့် အောင်ဘာလေ ၅၀၀ ကျပ်တန် ထီစနစ် တိုးချဲ့နိုင်ရေးများ ပါဝင်မည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်

မေ ၂၃

လက်ရှိအစိုးရလက်ထက်တွင် ယခင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် ဘဏ္ဍာေ၇းဝန်ကြီးဌာန ဟူ၍ ပေါင်းစည်းဖွဲ့စည်းလိုက်သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် မေလ ၁ ရက်မှ ဩဂုတ်လ ၈ ရက်နေ့အထိ ပြည်သူများ လက်တွေ့ရရှိခံစားနိုင်မည့် လူမှုစီးပွားတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်စေရန်အတွက်ပြည်သူလူထုအခြေပြု ဖွံ့ဖြိုးတိုးတက်မှု များနှင့်မြန်ဆန်သည့်အောင်မြင်မှု Quick Win ရရှိစေရန် ပြည်သူ့အတွက် ရက် ၁၀၀ စီမံချက်ကိုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
“ကျွန်တော်တို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီမံကိန်းမူဝါဒနဲ့ ဘဏ္ဍာရေးမူဝါဒတွေကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။
ဝန်ကြီးဌာနအနေနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရေး စီမံကိန်းတွေနဲ့ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင် ရွက်ရေး၊ နိုင်ငံတကာ အဆင့်မီ စာရင်းအင်းစနစ် တည်ဆောက်ရေးနဲ့ အရည်အသွေးပြည့်ဝပြီးတိကျမှန်ကန်တဲ့စာရင်းအင်းတွေ ရရှိ အသုံးပြု နိုင်ရေး၊ နိုင်ငံတော်ရဲ့ လူမှုစီးပွားဖွံ့ဖြိုးမှုအတွက် ပြည်ပငွေကြေးနဲ့ နည်းပညာအကူအညီ အထောက်အပံ့တွေ ရရှိရေး၊ ဖွံ့ဖြိုးမှုမိတ်ဖက်တွေ၊ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည်ပနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆောင်ရွက်နေပါတယ်”ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။ ထို့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်အရေးပါသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊နိုင်ငံသားရင်းနှီးမြှုပ်နှံမှုများ တိုးတက်မြင့်မားစေရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့တွင် နိုင်ငံတော်နှင့် ဝန်ကြီးဌာနများ၏ မူဝါဒများနှင့်အညီ ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
နိုင်ငံပိုင် စက်ပစ္စည်းများ၊ မော်တော်ယာဉ်များ စွမ်းအားပြည့် အသုံးပြုနိုင်ရေး ကို ဆောင်ရွက်သွားမည် ဖြစ်ကာ နိုင်ငံတော်က ခေတ်အဆက်ဆက်ဆောင် ရွက်ခဲ့ သည့် နိုင်ငံရေး၊အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာမှတ်တမ်းများ၊ သမိုင်းဝင်မှတ်တမ်းများ၊ မော်ကွန်းများကို လွှဲပြောင်း လက်ခံရယူစုဆောင်းခြင်းဖြင့် နိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံး အားထားရသည့် မော်ကွန်းတိုက်အဖြစ် ရပ်တည်ဆောင်ရွက်နိုင်ရေး ကိုဆောင်ရွက်သွားမည်ဟု သိရသည်။
နိုင်ငံတော်၏လိုအပ်ချက်အရ ဝန်ကြီးဌာနအနေဖြင့် ဦးစားပေးကဏ္ဍအလိုက် အသုံးစရိတ် ခွဲဝေလျာထားသတ်မှတ်ရေးကို အလေးထား ဆောင်ရွက်သွား မည်ဖြစ်ပြီး နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ စီးပွားရေးဆန်ဆန် ဆောင်ရွက်စေရေးနှင့် နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် အသုံးစရိတ် ပိုမိုခွဲဝေပေးခြင်းတို့ဖြင့် အရင်းအမြစ်များ အကျိုးရှိဆုံး ခွဲဝေအသုံးချ ဆောင်ရွက်ရေး ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ယင်းအပြင် လက်ရှိတွင် ခေတ်စနစ်နှင့်လျော်ညီသော ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ဖြစ်ပေါ်လာစေရေး၊ ပြည်တွင်းငွေချေးစာချုပ် ဈေးကွက်ဖွံ့ဖြိုး တိုးတက်စေရေး၊လှည့်လည်သုံးစွဲငွေများမှ ရင်းနှီးမြှုပ်နှံငွေ အဖြစ်ပြောင်း လဲစေခြင်းဖြင့် ငွေဖောင်းပွမှုနှုန်းကိုလျော့ကျစေရန်နှင့် ငွေချေးစာချုပ်များကို ကာလရှည်၊ ကာလလတ် စသည်ဖြင့် အမျိုးအစား အမျိုးမျိုးတိုးချဲ့ ထုတ်ဝေရေးတို့ကိုလည်း စီမံဆောင်ရွက်သွားမည်ဟု သိရသည်။
“အခွန်ရငွေနဲ့ GDP အချိုးတိုးတက်စေဖို့နဲ့ နိုင်ငံတကာစံနှုန်းနဲ့ကိုက်ညီတဲ့ အခွန်စနစ် ဖြစ်လာစေဖို့အတွက် အခွန်ရုံးမှ စည်းကြပ်တဲ့စနစ်ကနေ အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်တဲ့စနစ်ကိုကူးပြောင်းဆောင်ရွက်ရေး၊ ရှင်းလင်း လွယ်ကူတဲ့ အကောက်ခွန်လုပ်ထုံးလုပ်နည်းတွေနဲ့ ကုန်သွယ်မှု လွယ်ကူချောမွေ့စေဖို့ ရသင့်ရထိုက်တဲ့အခွန်ငွေတွေ ပြည့်ဝစွာရရှိစေရေးနဲ့ ပြည်သူတွေကို ပိုမိုထိရောက် လွယ်ကူလျင်မြန်တဲ့ ဘဏ်ဝန်ဆောင်မှု များပေးနိုင်ရေးအတွက် ဝန်ဆောင်မှုလုပ်ငန်းတွေကို အဆင့်မြှင့် တင် ဆောင်ရွက်သွားဖို့နဲ့ ပြည်ပအဆက်အသွယ်ဘဏ်များနဲ့ ပူးပေါင်းဆောင်ရွက်သွားရေး၊ အာမခံဈေးကွက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းလာစေရေးနဲ့ နိုင်ငံတကာနဲ့ရင်ပေါင်တန်း ဆောင်ရွက်နိုင်စေရေးစတဲ့ မူဝါဒတွေကိုချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ”ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးကြီးဌာနအနေဖြင့် နှစ်စဉ် အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေတွေကို ရေးဆွဲပြီးပြည်ထောင်စု လွှတ်တော် က အတည်ပြုချက်ရယူပြီး ထုတ်ပြန်ပေး နေသည်ဟု သိရသည်။
အစိုးရသစ်အနေဖြင့် ပြည်သူကိုဗဟိုပြုပြီး ပြည်သူလူထုအတွက် Quick Win ရရှိနိုင်မည့် လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမည်ဟုသိရပြီး လုပ်နိုင်သည့် Capicityအတွင်း Direct Effect၊ Indirect Effect ရရှိနိုင်မည့်လုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။
“ကျွန်တော်တို့ဌာနမှာ Servicing တဲ့ လုပ်ငန်းတွေရှိသလို ပြည်သူနဲ့ တိုက်ရိုက် မထိတွေ့တဲ့ လုပ်ငန်းတွေကိုလည်း Long-term အကျိုးခံစားခွင့် ရရှိအောင် လုပ်ဆောင်နေပါတယ်။ ဝန်ကြီးဌာနအနေနဲ့ ရက် ၁၀၀ အတွင်း ပြည်သူလူထုအတွက် Quick Win ရရှိနိုင်မယ့် လုပ်ငန်းစဉ် (၇) ရပ်ကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စု ဝန်ကြီးက ပြောသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ဌာန၊ အဖွဲ့အစည်း စုစုပေါင်း ၁၈ ခုရှိပြီး သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် နိုင်ငံတော်၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတာဝန်အသီးသီးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
၂၀၁၆ ခုနှစ် မေ ၁ ရက်မှ ဩဂုတ် ၈ ရက်အထိ ပြည်သူများ လက်တွေ့ရရှိ ခံစားနိုင်မည့် လူမှုစီးပွားရေးတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်သူလူထုအခြေပြု ဖွံ့ဖြိုးမှုများ ဖြစ်ပေါ် လာစေရေး ရက်ပေါင်း၁၀၀ အတွင်း အောင်မြင်မှု Quick Win ရရှိနိုင်မည့် လုပ်ငန်းစဉ် (၇)ရပ်ဖြစ်သည့် ကုမ္ပဏီမှတ်ပုံတင်ကြေးပြင်ဆင်သတ်မှတ်ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်ဦးစီးရုံးများတွင် အခြေခံစီမံကိန်းရေးဆွဲခြင်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသင်တန်းများဖွင့်လှစ်ခြင်း၊ ကျပ်သိန်း ၁၀၀၀၀ ချီးမြှင့်မည့်အောင်ဘာလေထီ ၅၀၀ ကျပ်တန်ထီ အမျိုးအစားကို တိုးချဲ့ထုတ်ဝေခြင်း၊ ဖုန်းခေါ်ဆိုခ အပေါ် ကောက်ခံရရှိသော ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို နိုင်ငံတော်အနေဖြင့် ပြည်သူလူထု အတွက် တိုက်ရိုက်အကျိုးရှိစေမည့် ကျန်းမာရေးစောင့်ရှောက်မှုတွေနှင့် ပညာရေးကဏ္ဍတွင် ထိထိရောက်ရောက် အသုံးပြုခြင်းဖြင့် ပြည်သူလူထုအပေါ် ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်သွား မည် ဟု သိရသည်။
ယင်းအပြင် ရန်ကုန်ဆိပ်ကမ်းနှင့် လေဆိပ်များတွင် အလိုအလျောက်နည်း သုံး ပစ္စည်း ရှင်းလင်းရေးစနစ်အသုံးပြုပြီး ကုန်ပစ္စည်းရှင်းလင်းရေးလုပ်ငန်း များ ကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက် ပေးခြင်းနှင့် ဆိပ်ကမ်းထုတ်ကုန် သွင်းကုန် ရှင်းလင်းရေးလုပ်ငန်းများ၊ လေကြောင်း ကုန်စည်သွင်းကုန် ရှင်းလင်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဝင်းကပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက “ကျွန်တော်တို့ဌာနက အဓိကတာဝန်ယူရတာကတော့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့ပတ်သက်တာကို တာဝန်ယူဆောင်ရွက် ရပါတယ်။ ဒုတိယတစ်ချက်ကတော့ ကုမ္ပဏီတွေမှတ်ပုံတင်တာနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကိုတာဝန်ယူရပါတယ်။ ရှေ့လျှောက်ပြီး ကျွန်တ်ာတို့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်လက် မြှင့်တင်သွားဖို့ရှိသလို တစ်ဖက်ကလည်း ကုမ္ပဏီတွေမှတ်ပုံတင်တာတွေနဲ့ ပတ်သက်လို့လည်း တိုးချဲ့ပြီး ဆောင်ရွက်သွားဖို့ရှိတယ်။
“အဲဒီမှာ ကုမ္ပဏီတွေမှတ်ပုံတင်တာနဲ့ ပတ်သက်ပြီး နည်းနည်းလေး အကျဉ်းချုပ်ပြီး ရှင်းပြ ချင်ပါတယ်။ နိုင်ငံသားတွေ လွယ်လွယ်ကူကူနဲ့ ကုမ္ပဏီတွေမှတ်ပုံတင်နိုင်အောင် စဉ်းစားပြီး ဖြေလျှော့သင့်တာတွေကို ကျွန်တော်တို့ ဖြေလျှော့ပေးခဲ့ပါတယ်။ နောက်မြန်ဆန်သွက်လက်အောင် လုပ်ပေးခဲ့ပါတယ်။
“သို့သော်လည်း နိုင်ငံသားတွေ အထူးသဖြင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေ၊ နောက်တစ်ခုက ကုမ္ပဏီထူထောင်ပြီး လုပ်ကိုင်ချင်တဲ့ နိုင်ငံသားတွေမှာ အခက်အခဲတစ်ခုသဖွယ် ဖြစ်နေတာက ကုမ္ပဏီမှတ်ပုံတင်ကြေးတွေများနေတဲ့ အနေအထားကို သွားပြီးတွေ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ကုမ္ပဏီမှတ်ပုံတင် တဲ့ နှုန်းထားက ကုမ္ပဏီတစ်ခုထူထောင်ရင် ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို မှတ်ပုံတင်ကြေး ၁၀ သိန်းကောက်ခံပါတယ်။ နောက် အများနဲ့သက်ဆိုင်တဲ့ကုမ္ပဏီ ထူထောင်တဲ့အခါမှာ လည်း မှတ်ပုံတင်ကြေး ၁၀ သိန်း ကောက်ခံပါတယ်။
“ဒီလိုကောက်ခံတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ကုမ္ပဏီမှတ်ပုံတင်ကြေး အခြေအနေကို အခြားတိုင်းပြည်တွေနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ ဥပမာ စင်ကာပူမှာဆို ကုမ္ပဏီတစ်ခုကို ဒေါ်လာ ၃၀၀ လောက် ကောက်တယ် ဆိုတော့ မြန်မာငွေနဲ့ဆို သုံးသိန်းလောက်ပဲရှိတယ်။ ကမ္ဘောဒီးယားမှာဆိုရင် သူတို့ကောက်တဲ့ငွေက မြန်မာငွေ ၂၆၀၀၀၀လောက်ပဲရှိတယ်။ နောက် ဗီယက်နမ်ကိုကြည့်လိုက်ရင်လည်း သုံးသိန်းပတ်ဝန်းကျင်ပဲရှိ တယ်။ နောက်တစ်ခုက ကျွန်တော်တို့ အိမ်နီးနားချင်း လာအိုနိုင်ငံမှာဆိုရင် ၆၀၀၀၀ လောက်ပဲရှိတယ်။
“အဲဒီတော့ ကျွန်တော်တို့တိုင်းပြည်က ဆယ်သိန်းဆိုတော့ ကုမ္ပဏီမှတ်ပုံတင်ကြေးက အခြားတိုင်းပြည်တွေနဲ့နှိုင်းယှဉ်လိုက်ရင် နည်းနည်းများနေတာကို တွေ့ရပါတယ်။ အဲဒီလိုများနေတဲ့ အတွက်ကြောင့် လုပ်ငန်းရှင်တွေဟာ ကုမ္ပဏီမှတ်ပုံတင်တဲ့အခါ ခက်ခဲနေတာကို သွားပြီးတော တွေ့ရပါတယ်။ ဒါကြောင့်ကျွန်တော်တို့ ရက် ၁၀၀ အတွင်းမှာဘာကိုလုပ်သွားမလဲဆိုရင် ကုမ္ပဏီ မှတ်ပုံတင်ကြေးတွေနဲ့ ပတ်သက်ပြီးတော့ ပုဂ္ဂလိကကုမ္ပဏီတွေ၊ အထူးသဖြင့် နိုင်ငံသားတွေ ဆောင် ရွက်နေတဲ့ အသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေ၊ နောက် မိမိရဲ့စုဆောင်းငွေနဲ့ ကုမ္ပဏီထူထောင်ပြီးလုပ်ချင်တဲ့ လုပ်ငန်းရှင်တွေအတွက်ကို လွယ်လွယ်ကူကူ ကုမ္ပဏီမှတ်ပုံတင်နိုင်အောင် ရည်ရွယ်ပြီးတော့ ၁၀ သိန်းကနေ ငါးသိန်းအထိ ထက်ဝက်လျှော့ချ သွားမယ့် အစီအစဉ်ရှိပါတယ်”ဟု ရှင်းပြသည်။
အကောက်ခွန်ဦးစီးဌာနအနေဖြင့်လည်း ရက် ၁၀၀ အတွင်း ပြည်သူလူထုအကျိုးပြုလုပ်ငန်းသုံးခု ဆောင်ရွက်သွားမည်ဟု သိရသည်။ ပထမဆောင်ရွက်ချက်အနေဖြင့် ရန်ကုန်ဆိပ်ကမ်းနှင့် လေဆိပ်များ တွင် ယခုလက်ရှိ ကုန်သေတ္တာနှင့် ကုန်စည်ရှင်းလင်းရေးကို Manual စနစ်ဖြင့် ဆောင်ရွက်နေရာမှ အချိန်ကုန်သက်သာပြီး လွယ်ကူလျင်မြန်စွာ ရှင်းလင်းထုတ်ယူနိုင်ရန်အတွက် ဂျပန်နိုင်ငံအစိုးရ အကူအညီဖြင့် အလိုအလျောက်နည်းသုံး ကုန်စည်ရှင်းလင်းရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေသည်ဟု သိရသည်။ ၂၀၁၆ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအထိ ယင်းစနစ်ကို စမ်းသပ် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၆ နှစ်ကုန်တွင် အပြည့်အဝအသုံးပြုနိုင်ရန် ဆောင်ရွက် နေသည်ဟု သိရသည်။
ဒုတိယဆောင်ရွက်ချက်အနေဖြင့် ထုတ်ုန်သွင်းကုန် ရှင်းလင်းရေးလုပ်ငန်း(ဆိပ်ကမ်း) ကုန်သေတ္တာ ရှင်းလင်းထုတ်ယူရာ မှာလည်း ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် အဆင့်နှင့်အချိန် လျှော့ ချနိုင်ခြင်း မရှိသော်လည်း ID File တစ်ခုတည်းတွင် Green,Yellow, Red Channel စသည်ဖြင့် ကုန်သေတ္တာများ ရောနှောနေပါက Yellow, Red စစ်ဆေးပြီးမှ Green Channel ထုတ်ပေးသည့်လုပ်ငန်းစဉ်အစား Green Channel သတ်မှတ်ထားသည့် ကုန်သေတ္တာကို တိုက်ရိုက်ထုတ်ပေးခြင်း၊ ဆိပ်ကမ်းတွင် ရောက်ရှိနေပြီး အချိန်ကန့်သတ်ချက်အရ မစစ်ဆေးနိုင်သည့် Green Channel ကုန်သေတ္တာကို နောက်ရက်တွင် Channel ထပ်မံ သတ်မှတ်ခြင်းမပြုတော့ဘဲ မူလသတ်မှတ်ထားသော Green Channel အတိုင်း တိုက်ရိုက်ထုတ်ပေးခြင်းကို ဆောင်ရွက်ကာ အမယ်တစ်မျိုး တည်းဖြစ်သည့် စစ်ဆေးရလွယ်ကူသော ပစ္စည်းဖြစ်ပါက Yellow Channel ပေးပြီး စစ်ဆေးနိုင်ရန်ဆောင်ရွက်မည်ဟု သိရသည်။
တတိယလုပ်ငန်းစဉ်မှာ လေကြောင်း ကုန်စည် သွင်းကုန်ရှင်းလင်းရေး လုပ်ငန်းဖြစ်သည့် လေကြောင်း ကုန်စည်တင်သွင်းမှု များပြားလာ သည့်အတွက် လျင်မြန်စွာရှင်းလင်းထုတ်ယူနိုင်ရန် ကုန်လှောင်ရုံအတွင်း ကုန်ပစ္စည်းထားသိုမှုကို စနစ်တကျကြပ်မတ်ခြင်း၊ လာရောက်မထုတ်ယူ သည့် နှစ်၊ လကြာ ကုန်ပစ္စည်းများကို အလုံမြို့နယ်တွင်ရှိသည့် အကောက်ခွန်ဦးစီးဌာန ကုန်လှောင်ရုံသို့ပို့ခြင်း၊ ထုတ်ယူခြင်းမရှိသေးသည့် ကြန့်ကြာပစ္စည်းများ အလျင်အမြန်ထုတ်ယူနိုင်ဖို့အတွက် သက်ဆိုင်ရာ ပိုင်ရှင်၊ ကုမ္ပဏီ၊ ဌာနများကို အကြောင်းကြားညှိနှိုင်းပြီး အမြန်ထုတ် ယူစေခြင်းတို့ကို ဆောင်ရွက်သွားမည်ဟု အကောက်ခွန်ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်က ရှင်းပြသည်။
စီမံကိန်းရေးဆွဲရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပထမအကြိမ် သက်တမ်းမှစတင်ကာ ပြည်သူ ဗဟိုပြု ဖွံ့ဖြိုးမှုစီမံကိန်းရေးဆွဲခြင်းကို စတင်ခဲ့သည်ဟုဆိုသည်။ Top-down ဗဟိုမှအောက်ခြေကို စီမံကိန်းရည်မှန်းချက်တွေချထားပေးသည့် နည်းစနစ်နှင့် ဆောင်ရွက်ခဲ့ရာမှ Bottom-up အောက်ခြေမှ အစပြုသည့်စီမံကိန်းရည်မှန်းချက်များ အဆိုပြုတင်ပြရေးဆွဲခြင်းစနစ်ကို ၂၀၁၁ ခုနှစ်မှစတင်ပြီးကျင့်သုံးဆောင်ရွက်ခဲ့သည်ဟု သိရသည်။
“Institution ပိုင်းအနေနဲ့ကျတော့လည်း ကျွန်တော်တို့ People Centered Development Plan, Bottom-up Plan ဆိုပေမယ့် ပြည်သူလူထုထဲမှာ ပြည်သူဗဟိုပြုဖွံ့ဖြိုးမှုစီမံကိန်းကို ပါဝင်ဆောင်ရွက်မယ့် အဖွဲ့အစည်းမရှိဘူးဖြစ်နေတယ်။ ဒါကြောင့်မို့လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ စီမံကိန်း ရေးဆွဲရေးနဲ့ အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီအဆင့်ဆင့်ကို မြို့နယ်တွေအထိ ဖွဲ့စည်း ပေးခဲ့ပါတယ်။
မြို့နယ်ဖွံ့ဖြိုးမှုအထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီတွေကို လည်း ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ပါတယ်။
“ပြည်သူဗဟိုပြုစီမံကိန်းတွေ ရေးဆွဲတဲ့အခါမှာ ပြည်သူလူထုပါဝင်ဆောင်ရွက်ဖို့ အထူး လိုအပ်ပါတယ်။
ပါဝင်ဆောင်ရွက်တဲ့အခါမှာလည်း ထိရောက်တဲ့အကြံပြုချက်တွေနဲ့ ဘက်စုံစဉ်းစားထားတဲ့ အကြံပြုချက်တွေ ရရှိပါက ပိုကောင်းလာ မှာဖြစ်ပါတယ်။ ဒါကြောင့်စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနအနေနဲ့ စီမံကိန်း၊ ငွေရေးကြေးရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေခံသင်တန်းကို ဖွင့်လှစ်တာဖြစ် ပါတယ်။ သင်တန်းကြေး အခမဲ့ဖြစ်ပါတယ်။ ဝန်ထမ်းသင်တန်းသား ၁၅ ဦးနဲ့ ပြင်ပ သင်တန်းသား ၁၅ ဦး စုစုပေါင်းသင်တန်းသား ၃၀ လက်ခံသင်ကြားပေးသွားမှာဖြစ်ပါတယ်။
သင်တန်းသားအရည်အချင်း သတ်မှတ်ချက်ကတော့ တက္ကသိုလ်တစ်ခုခုက ဘွဲ့ရရှိပြီးသူဖြစ်ရပါမယ်။ ဒါ့အပြင် သင်တန်းကိုအစအဆုံး ပြီးစီးအောင် တက်ရောက်နိုင်တဲ့သူလည်း ဖြစ်ရပါမယ်။ သင်ကြားပေးမယ့် ဘာသာရပ်တွေအနေနဲ့ကတော့ စီမံကိန်းဘာသာရပ်၊ ငွေရေးကြေးရေး ဘာသာရပ်နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသိကောင်းစရာဘာသာရပ်တွေကို ပို့ချပေးသွားမှာပါ။
“စီမံကိန်းဘာသာရပ်မှာ စီမံကိန်း သဘောသဘာဝ၊ မြန်မာနိုင်ငံမှာရေးဆွဲခဲ့ တဲ့ စီမံကိန်းတွေ၊ စီးပွားရေး-လူမှုရေးဆိုင်ရာ ညွှန်းကိန်းတွေ၊ ကဏ္ဍ၊ဒေသန္တရ စီမံကိန်းရေးဆွဲခြင်းနဲ့ ဦးစားပေးအစီအစဉ်တွေ၊ ကျေးရွာ၊ ရပ်ကွက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေ ရေးဆွဲခြင်း၊စုစုပေါင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု တန်ဖိုး တွက်ချက်ခြင်း၊ စီမံကိန်းအကောင်အထည်ဖော်ခြင်းနဲ့ ထိန်းကျောင်းကြပ်မတ်ခြင်း၊ စစ်တမ်းကောက်ယူခြင်း ဆိုင်ရာ အခြေခံအချက်အလက်တွေကို ပို့ချသွားမှာဖြစ်ပါတယ်။ ဒါ့အပြင်စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ခြင်း (SDG)ကိုလည်း ထည့်သွင်းဆွေးနွေးပို့ချ မှာဖြစ်ပါတယ်။
“ငွေရေးကြေးရေးဆိုင်ရာ ဘာသာရပ်မှာ ပြည်တွင်းအခွန်ဦးစီးဌာနရဲ့ လုပ်ငန်းတွေ၊ ငွေကြေးနဲ့ ဘဏ်လုပ်ငန်း၊ မြန်မာ့အာမခံလုပ်ငန်း၊ ရသုံးမှန်းခြေငွေစာရင်းလုပ်ငန်းတွေကို ပို့ချသွားမှာဖြစ်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘာသာရပ်မှာတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများဦးစီးဌာနရဲ့ လုပ်ငန်းဆောင်ရွက်ချက် တွေ၊ အာဆီယံစီးပွားရေး အသိုက်အဝန်းဘာသာရပ်တွေကို ဆွေးနွေးပို့ချမှာပါ။
“ဒီသင်တန်းတွေကို တက်ရောက်ပြီးတဲ့ အခါ စီမံကိန်းသဘောသဘာဝနဲ့ စဉ်းစားနည်းတွေကို အခြေခံနားလည်သွားမယ်။ ရင်းနှီးမြှုပ်နှံမှုဥပဒေမှာ ဘာတွေပြဋ္ဌာန်းထားတယ်၊ ကုမ္ပဏီတည်ထောင်ရင် ဘယ်လိုဆောင်ရွက်ရ မယ်ဆိုတာတွေကို အခြေခံအားဖြင့် သိရှိသွားမှာဖြစ်ပါတယ်။
ဒီအတွေ့အကြုံ ဗဟုသုတတွေအရ ပြည်သူဗဟိုပြုစီမံကိန်းတွေရေးဆွဲတဲ့ အခါ ပိုမိုထိရောက်လာမယ်လို့ မျှော်လင့်ထား ပါတယ်။ ဒါ့အပြင် အခွန်ရဲ့ သဘောတရား၊ ငွေကြေးနဲ့ ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဗဟုသုတတွေ ကလည်း သင်တန်းသားတွေရဲ့ စီးပွားရေးဆိုင်ရာ စဉ်းစားချက်တွေကို အထောက်အကူပြုမယ့် အပြင် နိုင်ငံတော် တည်ဆောက်ရေး ကို တစ်ဖက်တစ်လမ်းက ထိထိရောက်ရောက် အကျိုးပြုမယ်လို့ မျှော်လင့်ပါတယ်”ဟု စီမံကိန်းရေးဆွဲရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်ဦးမောင်မော်တင့်က ပြောသည်။
ယင်းအပြင် ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ရက် ၁၀၀ ကာလအစီအမံအဖြစ် ပထမစီမံကိန်းမှာ ကျပ် ၅၀၀ တန် အောင်ဘာလေထီ တိုးမြှင့်ထုတ်လုပ်ရန်နှင့် ဒုတိယအစီအမံမှာ တယ်လီဖုန်းပြောဆိုခ အပေါ် ကောက်ခံသောကုန်သွယ်လုပ်ငန်းခွန်ရငွေများကို ပညာရေးဆိုင်ရာ လုပ်ငန်းများတွင် ကျခံသုံးဆွဲနိုင်ရေးဆောင်ရွက်သွားမည်ဟု သိရသည်။
“ကုန်သွယ်လုပ်ငန်းခွန်နဲ့ ပတ်သက်ပြီးတော့လည်း အနည်းငယ် ရှင်းပြချင်ပါတယ်။ ကုန်သွယ် လုပ်ငန်းခွန်ဆိုတာ သွယ်ဝိုက်ခွန် အမျိုးအစားဖြစ်ပါတယ်။ နိုင်ငံတကာကို လေ့လာတဲ့အခါကျတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ သွယ်ဝိုက်ခွန်နှုန်းထားတွေက ၂၀ ရာခိုင်နှုန်းပဲရှိပါတယ်။ အာဆီယံနိုင်ငံတွေမှာ ကြည်လို့ရှိရင်လည်း တစ်ဆယ်ရာခိုင်နှုန်း ကောက်ခံတာရှိပါတယ်။ ကမ္ဘာရဲ့ ပျမ်းမျှသွယ်ဝိုက်ခွန် ကောက်တာကို ပြန်ကြည့်မယ်ဆိုရင်လည်း တစ်ဆယ့်ငါးရာခိုင်နှုန်းကောက်ခံတာကို တွေ့ရှိရပါတယ်။ ခုကျွန်တော်တို့နိုင်ငံက ကောက်ခံနေတဲ့ ငါးရာခိုင်နှုန်းဟာ အရှေ့တောင်အာရှမှာ အနည်းဆုံးပါ။ ကမ္ဘာမှာလည်း အနည်းဆုံးပါလို့ တင်ပြလိုပါတယ်”ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။
ယင်းသို့ဖြင့် ရက် ၁၀၀ စီမံချက်အနေဖြင့် ကုမ္ပဏီမှတ်ပုံတင်ကြေးများ ပြင်ဆင် သတ်မှတ်ခြင်းကြောင့် အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများအနေဖြင့် ကုမ္ပဏီအဖြစ် ထူထောင် မှတ်ပုံတင် ဆောင်ရွက် သည့် အနေအထားသို့ ပြောင်းလဲလာမည်ဖြစ်သဖြင့်နိုင်ငံတော်၏ မက်ခရိုစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေခြင်း၊ သင်တန်းများ ဖွင့်လှစ်ခြင်းကြောင့်ဒေသအလိုက် ဘတ်ဂျက်ရေးဆွဲခြင်းနှင့် ဒေသအလိုက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများကို သိရှိနားလည်၍ ပူးပေါင်းဆောင်ရွက်တတ်မှု အားကောင်းလာ စေခြင်း၊ ကျပ် ၅၀၀ တန် ထီအမျိုးအစား တိုးချဲ့ထုတ်ဝေရောင်းချခြင်းကြောင့် ဆုကြေးငွေများ ပိုမို များပြားလာသည်နှင့်အမျှ မိမိတို့စိတ်ကူးကို အကောင်အထည်ဖော်ဆောင် ရွက်နိုင်ခြင်း၊ ကောက်ခံရရှိသည့် ကုန်သွယ်လုပ်ငန်းခွန်များကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးကဏ္ဍများတွင် ထိရောက်စွာ သုံးစွဲခြင်းကြောင့် ပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးရှိစေခြင်း၊ ရန်ကုန်ဆိပ်ကမ်းနှင့် လေဆိပ်များတွင် ထုတ်ကုန်သွင်းကုန် ရှင်းလင်းရေးလုပ်ငန်းနှင့် လေကြောင်းကုန်စည်ရှင်းလင်းရေးလုပ်ငန်းများကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခြင်းကြောင့်လွယ်ကူမြန်ဆန်ခြင်း၊ အချိန်ကုန်သက်သာခြင်း၊ အဆင်ပြေ ချောမွေ့ခြင်းတို့ကို ရရှိလာစေမည်ဟု ပြည်သူလူထုဗဟိုပြုကာ ရည်မှန်းချက်ထား ဆောင်ရွက်နေသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်အပေါ် အများပြည်သူများသိရှိစေရန်အလို့ငှာ ရေးသားတင်ပြလိုက်ရပါသည်။


 



 


No comments:

Post a Comment