Wednesday, June 15, 2016

ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ရက် ၁၀၀ 

ဇွန် ၃
ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ဝန်ထမ်းများရွေးချယ်ခြင်း၊ အရည်အသွေးမြှင့်လေ့ကျင့်ခြင်း စသည့် ဝန်ထမ်းစွမ်းရည်မြှင့်တင်ပေးသည့်အပိုင်းတွင် အရေးပါသည့်အခန်းကဏ္ဍမှ ဆောင်ရွက်လျက်ရှိသည်။

ပြည်သူ့ဝန်ထမ်းဆိုသည့် အဓိပ္ပာယ်သည်ပြည်သူ့ဝန်ကိုထမ်းမည့်သူ၊ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဝန်ဆောင်ပေးမည့်သူ၊ ပြည်သူ့အစေအပါး၊ Civil Services Academy (CSA) ဟုခံယူပြီး ပြည်သူ့အတွက် အပြည့်အဝ ဆောင်ရွက်ပေးမည်ဆိုသည့် စိတ်ဓာတ်မျိုးထားရှိရန် လိုအပ်သည်။ ပြည်သူ့ ဝန်ထမ်းသည် Service Delivery ပေးရမည် ဖြစ်ရာ Service Delivery တွင် အခြေခံ အချက် (၄)ချက်ရှိပြီး အဆိုပါအချက်များမှာ အရည်အသွေး၊ မြန်ဆန်မှု၊ မဆိုင်းမတွတုံ့ပြန်မှုနှင့် တာဝန်ယူမှု တာဝန်ခံမှုတို့ ဖြစ်ပေသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် အစိုးရယန္တရားများ ကောင်းမွန်စွာလည်ပတ်နိုင်ရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်တို့အတွက် နိုင်ငံ့ဝန်ထမ်းစနစ် ပီပြင်အားကောင်းစွာဆောင်ရွက်နေသော အာဆီယံ ဒေသတွင်းနိုင်ငံများ၊ အာရှနှင့် ဥရောပနိုင်ငံများမှ ဝန်ထမ်းရွေးချယ်ရေးနည်းလမ်းများနှင့် လေ့ကျင့်မှု နည်းလမ်း များကို လေ့လာလျက်ရှိပြီး သုတေသနပြုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေသည်။

အဆိုပါစနစ်များကိုအခြေခံ၍ ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးစနစ်၊ စည်းကမ်းထိန်းသိမ်းရေးစနစ်များကို ပြောင်းလဲသွားမည်ဖြစ်သည်။ ထို့ပြင် ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ နည်းပြများအား နိုင်ငံတကာအဆင့်မီ သင်တန်းများပို့ချ၍ အရည်အသွေး မြှင့်တင်မှုပြုလုပ်ကာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင် ဆောင် ရွက်သွားမည်ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းသိမ်းက ပြောသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်င တကာအဖွဲ့အစည်းများဖြစ်သည့် UNDP၊ JICA၊ World Bank၊ Hanns Seidel Foundation၊ EU (GOPA) စသည် တို့နှင့် ပူးပေါင်းညှိနှိုင်း၍ ပြည်သူ့ဝန်ထမ်းများ၏ Capacity မြင့်တက်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းတို့လုပ်ဆောင်လျက်ရှိသည့် ပြည်သူ့အတွက် ရက် ၁၀၀ စီမံချက်မှ သိရသည်။

ဘာတွေစတင်ပြောင်းလဲမလဲ
နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားများ ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် ပြည်သူ့ ဝန်ထမ်း ကဏ္ဍတွင် အခြေခံအချက် (၂) ချက် လိုအပ်သည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အနေဖြင့် ရက် ၁၀၀ အတွင်း အစိုးရ၏ အုပ်ချုပ်ရေးပုံစံသစ်နှင့်အညီဖြစ်စေရန် ပြင်ပ လက္ခဏာပြောင်းလဲခြင်းနှင့် အနှစ်သာရ ပြောင်းလဲခြင်း အပိုင်း (၂) ပိုင်းဖြင့် ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက ဆိုသည်။

Civil Serivce ကို အခြေခံမေးသည့် မေးခွန်းများအဖြစ် ပြောင်းလဲ ဆောင်ရွက်မည်
ပြည်ထောင်စုရာထူးဝန်အဖွဲ့က တာဝန်ယူ ဆောင်ရွက်ရသည့် နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အသီးသီးတွင် လိုအပ်သော အရည်အသွေးမြင့် အရာထမ်းကောင်းများ ရွေးချယ်ပေးရာတွင် ရေးဖြေစာမေးပွဲများ၌ လက်ရှိ အသုံးပြုသော အင်္ဂလိပ်စာ၊ မြန်မာစာ၊ အထွေထွေဗဟုသုတ စသည့် ဘာသာရပ်များအလိုက် မေးခွန်းပုံစံ များအစား Civil Service ကို အခြေခံမေးသည့် မေးခွန်း Question Type and pattern အား ပြောင်းလဲ သွားမည်။ ယင်းသို့ပြောင်းလဲရန် အတွက် သက်ဆိုင်ရာတက္ကသိုလ်များမှ မေးခွန်း ပြုစုရာတွင် တာဝန်ရှိသူ များနှင့် ဧပြီ ၂၉ ရက် က တွေ့ဆုံညှိနှိုင်းပြီးဖြစ်ကြောင်း သိရသည်။

ဘာတွေကို ဘယ်လို ပြုပြင် ပြောင်းလဲသွားမလဲ
ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးတွင် အရည်အသွေး ပြည့်မီသော ပြည်သူ့ဝန်ထမ်းကောင်းများ မွေးထုတ် ပေးရန်အတွက် ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) နှင့် ဗဟို ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တက္ကသိုလ် နှစ်ခုတွင် Civil Services Academy (CSA) များကို ဖွင့်လှစ်သွားမည် ဖြစ်ပြီး အဆိုပါ Academy များမှ အရာထမ်းလောင်းများအတွက် ဘွဲ့လွန်ဒီပလိုမာ (Postgraduate Diploma) ချီးမြှင့်ခြင်း၊ Mid Level အရာထမ်းများအတွက် အဆင့် မြင့် ဒီပလိုမာ (Advanced Diploma) များ ချီးမြှင့်ခြင်း၊ ညွှန်ကြားရေးမှူးအဆင့်များအတွက် မဟာဘွဲ့ (Master Diploma) များ ချီးမြှင့်ခြင်း စသည့် သင်တန်းရေးရာကိစ္စရပ်များကို စီစဉ် ဆောင်ရွက်လျက်ရှိနေသည်။

Civil Services Academy မှတစ်ဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးအတွက် အရာရှိ ဝင်ခွင့် စာမေးပွဲ အောင်မြင်ခဲ့သည့် အရာရှိလောင်းများအား ခြောက်လအချိန်ပြည့် သင်တန်းပို့ချမည်ဖြစ်ပြီး ပထမ လေးလတွင် သင်ကြားရေးအပိုင်း၊ ကျန်နှစ်လအတွက် ဌာနဆိုင်ရာနှင့် လုပ်ငန်းခွင်ဆောင်ရွက်ခြင်း တစ်လနှင့် နောက်ဆုံးတစ်လတွင် လုပ်ငန်းခွင်အတွေ့အကြုံများ၊ သီအိုရီများနှင့်ပူးပေါင်း၍ လက်တွေ့ လေ့ကျင့်ဆောင်ရွက်ပေးမည်ဖြစ်သည်။

Civil Services Academy (CSA) ကို ဖွင့်လှစ်ရန်အတွက် ဆောင်ရွက်နေသဖြင့် ပညာရှင် ဆရာများ လိုအပ်လျက်ရှိပြီး ယခု လက်ရှိတွင် တက္ကသိုလ်များရှိ ဆရာ ဆရာမများနှင့် သင့်လျော်သူ သင်တန်း ဆရာများအား လေ့ကျင့်သင်တန်းပေးခြင်း (Traning for Deparmental Trainer of Civil Service) များဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

ထို့ကြောင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ထိရောက်မှုရှိသည့် သင်ကြားရေးစနစ် ဖြစ်ရန် သင်တန်း အမျိုးအစားအလိုက် သင်ရိုး ညွှန်းတမ်းများ ပြောင်းလဲသတ်မှတ်သွားမည် ဖြစ်သည်။ Civil Services Academy (CSA) အတွက် ဘွဲ့လွန်ဒီပလိုမာ၊ အဆင့်မြင့် ဒီပလိုမာနှင့် မဟာဘွဲ့များပေးရန် ဘာသာရပ် ဌာနများစုဖွဲ့ခြင်း၊ သက်ဆိုင်ရာဘာသာရပ် အလိုက် သင်ရိုးညွှန်းတမ်းများရေးဆွဲခြင်းတို့ နှင့်စပ်လျဉ်း၍ "အရင်က ဗဟိုဝန်ထမ်း တက္ကသိုလ်တွေမှာ ပညာရပ်ဌာန ခြောက်ခုနဲ့ ဖွဲ့စည်းထားပါတယ်။ စီမံခန့်ခွဲမှုဌာန (Management)၊ စီးပွားရေးဌာန (Economics)၊ နိုင်ငံရေးသိပ္ပံဌာန (Political Science)၊ ဥပဒေဌာန (Law Department)၊ ပြီးတော့ လူမှုရေးဌာန (Sociology) ဆိုတဲ့ ပညာရပ်ဌာန ငါးခုနဲ့ နောက်တစ်ခုက စစ်ပညာဌာနဆိုပြီး အဲဒီ ခြောက်ခုနဲ့ လေ့ကျင့်ပေးခဲ့တယ်။

ဒီဘက်ခေတ် ဒီဘက်အခြေအနေတွေနဲ့ အုပ်ချုပ်ရေးယန္တရားသစ် အရ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ပြည်သူ့ဝန်ထမ်းလေ့ကျင့်ရေး ကျောင်းတွေကို လေ့လာတယ်။ နိုင်ငံတကာ ပညာရှင်တွေနဲ့ ဆွေးနွေးပြီးတဲ့နောက်မှာတော့ စစ်ပညာအစား ကိုယ်လက်ကြံ့ခိုင်ရေးနဲ့ စည်းကမ်း ထိန်းသိမ်းရေးဌာန အသွင်နဲ့ သွားပါမယ်။ နောက်ဌာနနှစ်ခုကတော့ အင်္ဂလိပ်စာဌာနနဲ့ သတင်းအချက်အလက် နည်းပညာဌာန (Information and Communications Technology-ICT) ဆိုပြီး ဌာနနှစ်ခု ထပ်ပေါင်းရင် တကယ့် ပညာရပ်ဌာန ခုနစ်ခုနဲ့ အကောင်အထည်ဖော်သွားဖို့ ရှိပါတယ်"ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဝင်းသိမ်းက ပြောသည်။

ဝန်ထမ်းများ၏ ရပိုင်ခွင့်များ အပြည့်အဝရရှိစေမည်
ပြည်ထောင်စုရာထူးဝန်အဖွဲ့က တာဝန်ယူရေးဆွဲခဲ့ပြီး ၂၀၁၃ ခုနှစ် မတ် ၈ ရက်စွဲဖြင့် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ်-၅ ဖြင့် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၆၂အရ လုပ်သက်နှစ် ၃၀ ပြည့်လျှင် ပင်စင်ယူသည့် ကိစ္စနှင့် ၂၀၁၄ ခုနှစ် မတ် ၂၆ ရက်စွဲဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ပြန်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများတွင် ပါဝင်သော နှစ်ပြည့်ပင်စင်၊ လုပ်သက်ခွင့်၊ မီးဖွားခွင့် ကိစ္စနှင့် မီးဖွားခွင့်တွင် ခင်ပွန်းဖြစ်သူအတွက် ကလေးပြုစုစောင့်ရှောက်ခွင့်ရရှိရန် ကိစ္စတို့ကို ပြည်သူ့ ဝန်ထမ်းများ အကျိုးအတွက် လက်တွေ့ နယ်ပယ်တွင် အမှန်တကယ် အပြည့်အဝ ခံစားနိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်သည်။

"လုပ်သက်ခွင့်ဆိုရင်လည်း အရင်နည်း ဥပဒေအရ ပြဋ္ဌာန်းထားတဲ့ တစ်နှစ်တာ လုပ်သက်ခွင့်ဟာ တစ်နှစ်ကုန်သွားရင် အလို အလျောက် ပျက်ပြယ်တယ်ဆိုတာအစား နှစ်နှစ်ဆက်လက် စုဆောင်းခွင့် ရရှိဖို့ကိုလည်း ရှေ့နေချုပ်ရုံးကို ပို့ထားပါတယ်။ ဘာဖြစ်လို့ ဒီလို ပြောင်းလဲရသလဲဆိုတော့ တစ်နှစ်ပြီး ပျက်ပြယ်သွားတဲ့အတွက် နောက်တစ်နှစ်ကျ ဝန်ထမ်း တစ်ယောက်ဟာ သူရဲ့ သာရေး၊ နာရေး၊ လူမှုရေးကိစ္စကြောင့် လုပ်သက်ခွင့်ယူချင်တဲ့ အခါမှာ အနေအထားမပေးတော့ဘူး။ ဥပဒေအရ တစ်လမှာမှ သုံးရက်ပဲရတယ်။ နှစ်အစ ဇန်နဝါရီမှာ လူမှုရေးကိစ္စကြောင့် လုပ်သက်ခွင့်ယူမယ်ဆို ဇန်နဝါရီလကုန်မှသာ သုံးရက်ရမယ်။ အခု ဥပဒေအရ တစ်နှစ်အတွင်း လုပ်သက်ခွင့် ခံစားခွင့်ရှိတယ်။ တကယ်လို့ လုပ်သက်ခွင့်ကို ဝန်ထမ်းက မခံစားဘူးဆိုရင် လုပ်သက်ခွင့်ရက်နဲ့ ညီမျှတဲ့ဆုကြေးငွေပေးရမယ်ဆိုတာ ပြဋ္ဌာန်းထားပါတယ်။ လက်တွေ့မှာကျတော့ ဆုကြေးကို ဝန်ထမ်းကမရဘူး။ နိုင်ငံတော်ဘက်ကလည်း လစာတွေတိုးပေးထားလို့ ဘတ်ဂျက်အခက်အခဲ ရှိတယ်။ ဝန်ထမ်းကလည်း ဆုကြေးလိုချင်တာ မဟုတ်ပါဘူး။ သူ့ရဲ့ လူမှုရေးကိစ္စတစ်ခုခုရှိတဲ့အခါ အဆင်ပြေအောင် ခွင့်ကို စုဆောင်းထားချင်တာ။ ဝန်ထမ်းတွေနဲ့လည်း ဆွေးနွေးပါတယ်။ ဝန်ကြီးဌာနတွေနဲ့လည်း ဆွေးနွေးတယ်။ ဝန်ထမ်းအတွက် နှစ်နှစ်ထိ စုဆောင်းခွင့်ရရင် အဆင်ပြေတယ်" ဟု ဥက္ကဋ္ဌကပြောသည်။

ဝန်ထမ်းများ စိတ်ချမ်းမြေ့စွာဖြင့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက် ရက်ပေါင်း ၁၀၀ အတွင်း ပြည့်စုံခိုင်မာသည့် ဥပဒေ၊ နည်းဥပဒေများဖြစ်လာစေရန် ပြင်ဆင် ဖြည့်စွက်ပြဋ္ဌာန်း၊ ထုတ်ပြန် နိုင်ရေး စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းထားပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့လည်း သဘောထားမှတ်ချက် တောင်းခံထားကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ သိရှိရ သည်။

ပြင်ပလက္ခဏာပြောင်းလဲခြင်း
ပြင်ပလက္ခဏာပြောင်းလဲခြင်းအတွက် ၁၉၆၅ ခုနှစ်တွင် ဖောင်ကြီးကျေးရွာ၌ တည်ထောင်ခဲ့ခြင်းကြောင့် ဗဟို ဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) ဟုခေါ်ဆိုရာမှ အထက်မြန်မာပြည်ရှိ ဇီးပင်ကြီးတွင်ရှိသော ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) နှင့် ခေါ်ဝေါ် သုံးစွဲမှုပုံစံတူစေရန် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ဟု ပြောင်းလဲပြင်ဆင် ခေါ်ဝေါ်သတ်မှတ်ရန် ခွင့်ပြုချက်ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။

ခေတ်ကာလနှင့်လျော်ညီမှုမရှိသောကြောင့် တံဆိပ်များပြောင်းမည်
ခေတ်ကာလဖြင့် လျော်ညီမှုမရှိတော့သည့် အတွက် ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် တပ်ဆင် အသုံးပြုလျက် ရှိသော တက္ကသိုလ်တံဆိပ်၊ လက်မောင်းတံဆိပ်များအား နိုင်ငံတကာ တက္ကသိုလ်၊ အကယ်ဒမီ များတွင် အသုံးပြုသော Logo၊ တံဆိပ်များ၊ ဆောင်ပုဒ်များကိုအခြေခံ၍ တံဆိပ်အသစ်၊ logo အသစ်နှင့် ဆောင်ပုဒ် အသစ်များ ဗဟိုဝန်ထမ်းတက္ကသိုလ်နှစ်ခုတွင် ပြောင်းလဲအသုံးပြုသွားမည်ဖြစ်သည်။

ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းများကို ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်ခြင်းမပြုတော့
ဗဟိုဝန်ထမ်းတက္ကသိုလ်နှစ်ခုတွင် ဖွင့်လှစ် ပို့ချလျက်ရှိသည့် တက္ကသိုလ်၊ ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းနှင့် အခြေခံ ပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းများကို ၂၀၁၆ ခုနှစ် မေ ၁၆ ရက်မှ ဇွန် ၁၈ ရက်အထိ ဖွင့်လှစ်လျက်ရှိသည့် အမှတ်စဉ် (၉၇) နှင့် (၆၆) တို့ကိုသာ နောက်ဆုံး အကြိမ် ဖွင့်လှစ်သွားမည်ဖြစ်သည်။

အဆိုပါသင်တန်းများကို ဗဟိုဝန်ထမ်း တက္ကသိုလ်များတွင် ဆက်လက်ဖွင့်လှစ်ခြင်း မပြုတော့ဘဲ ဆရာ ဆရာမများ၏ လေ့လာ သင်ယူထားရှိမှုများအပေါ် အခြေခံ၍ ပညာရေးဝန်ကြီးဌာနမှ သင့်လျော်သည့် သင်တန်းများ အဖြစ် ဖွင့်လှစ်လေ့ကျင့်သင်ကြား ဆောင်ရွက် ခွင့်ပြုသွားမည်ဖြစ်သည်။ ထို့ကြောင့် ဗဟို ဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်ရန် သတ်မှတ်ထားသည့် တက္ကသိုလ်၊ ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းများကို ဆက်လက်ဖွင့်လှစ်ရန်မရှိတော့ကြောင်း ပြည်ထောင်စုရာထူးဝန် ဥက္ကဋ္ဌက ပြောသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ ဝန်ထမ်းများကို စနစ်တကျရွေးချယ်ခြင်း၊ ဝန်ထမ်းများအား ထိရောက်စွာ လေ့ကျင့် ပျိုးထောင်ခြင်း၊ ဝန်ထမ်းဆိုင်ရာကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများ၊ စံနှုန်းများသတ်မှတ်ရေးနှင့် မူဝါဒလမ်းညွှန်ချက်များချမှတ်နိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအား အထောက်အကူပြုခြင်း၊ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်းပြီး သုတေသန ပြုလုပ်ခြင်း၊ ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်ခြင်း၊ ဝန်ထမ်းအဖွဲ့အစည်းများက မေးမြန်းလာသည့် ဝန်ထမ်းရေးရာကိစ္စရပ်များကို လေ့လာ စိစစ်ပြီး တည်ဆဲစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြန်ကြားခြင်း၊ ဝန်ထမ်း များအား အရေးယူခြင်းဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ မှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းထားရှိခြင်း၊ ပြည်ထောင်စုဝန်ထမ်း အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ထမ်း အဖွဲ့အစည်း များ၏ ဝန်ထမ်းရွေးချယ်ရေး၊ လေ့ကျင့်ပျိုးထောင်ရေး၊ စည်းကမ်းထိန်းသိမ်းရေးကိစ္စများနှင့် စပ်လျဉ်း၍ စိစစ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရများက မိမိတို့ တာဝန်ယူ အကောင်အထည်ဖော်ရသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နယ်ဘက် ဝန်ထမ်းအဖွဲ့အစည်းများအား ဖွဲ့စည်းခြင်း၊ လိုအပ်သော နယ်ဘက်ဝန်ထမ်းများခန့်အပ်ခြင်းပြုရာတွင် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပြည်ထောင်စု ဥပဒေနှင့်အညီ လည်းကောင်း၊ ပြည်ထောင်စုအစိုးရနှင့် ကြိုတင်ညှိနှိုင်း၍လည်းကောင်း ဖွဲ့စည်း ခန့်ထားနိုင်ရန် ညှိနှိုင်းဆောင်ရွက်ခြင်း၊ အဖွဲ့၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်သမ္မတထံ နှစ်စဉ် အစီရင်ခံခြင်းနှင့် လိုအပ်ပါက ကြားဖြတ်အစီရင်ခံစာ တင်သွင်းခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့က အခါ အားလျော်စွာ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ခြင်း ဟူသည့် တာဝန်ဝတ္တရားများကို အကောင် အထည်ဖော်ဆောင်ရွက်ရသည်။

ထို့ကြောင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဆောင်ရွက် အကောင်အထည်ဖော်နေသည့် ပြည်သူ့ဝန်ထမ်း များ၏ အရည်အသွေးတိုးတက် မြင့်မားစွာ ဆောင်ရွက်နိုင်ရန်အတွက် ပြင်ပ လက္ခဏာပြောင်းလဲခြင်းနှင့် အနှစ်သာရ ပြောင်းလဲခြင်း အပိုင်းနှစ်ပိုင်းအား ဝမ်းမြောက်စွာ ကြိုဆိုကြမည်ဟု ယုံကြည်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။







No comments:

Post a Comment