Wednesday, September 7, 2016

ပြန်ကြားရေးဝန်ကြီးဌာန ရက် ၁၀၀ စီမံချက်


ဇွန် ၁

အစိုးရသစ်အနေဖြင့် ပြည်သူကိုမျက်နှာမူပြီး မီဒီယာကဏ္ဍမှ ပြည်သူကို သတင်းအချက် အလက်၊ ဖျော်ဖြေ မှုနှင့် အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်သည့်အခါ ပြည်သူနှင့် အစိုးရကြား ပေါင်းကူး ဆက်သွယ်ပေးမည့် ပြုပြင်ပြောင်းလဲမှုများကို “ပြည်သူ့အတွက် ပထမ ရက် ၁၀၀” အစီအစဉ် အဖြစ် ပြန်ကြားရေးဝန်ကြီးဌာနက အထူးကကဏ္ဍတစ်ရပ်အဖြစ် ဖော်ဆောင် တင်ပြလျက်ရှိသည်။

ထို့ပြင် စာကြည့်တိုက်များကိုလည်း အများပြည်သူနှင့် နှီးနှောဖလှယ်ရာ၊ အများပြသူတို့ ဆုံတွေ့ရာ၊ အများပြည်သူတို့ ရပ်ရွာအကြောင်းကိစ္စများ ဆွေးနွေးတိုင်ပင်ရာ Community Centre နေရာများ အဖြစ် ပြောင်းလဲရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ အားတွေ့ဆုံမေးမြန်းခဲ့မှု များကို ပြန်လည်စုစည်းရေးသားတင်ပြ လိုက်ရပါသည်။

ဒေါက်တာဖေမြင့်
ပြည်ထောင်စုဝန်ကြီး
ပြန်ကြားရေးဝန်ကြီးဌာန
မေး ။ ။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြောင်းလဲကျင့်သုံးသွားမယ့် မူဝါဒတွေနဲ့ ပတ်သက်ပြီး သိလိုပါတယ် ခင်ဗျာ။

ဖြေ ။ ။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ပြန်ကြားရေးဆိုတဲ့ ဌာနများရဲ့ လုပ်ငန်းတာဝန်တွေ မိဘပြည်သူကို အသိပညာပေးဖို့၊ သတင်းအချက်အလက်ပေးဖို့၊ ပြည်သူကို ဖျော်ဖြေဖို့ဆိုတဲ့ ပြန်ကြားရေး မီဒီယာတွေရဲ့ လုပ်ငန်းတာဝန် တွေပါ။ အဲဒီ လုပ်ငန်း တာဝန်တွေကိုပဲ ဆက်လက်ဆောင်ရွက် သွားဖို့ရှိပါတယ်။ သို့သော် အဲဒီလုပ်ငန်းတာဝန်တွေကို ဆောင်ရွက်တဲ့နေရာမှာ ထားရှိတဲ့ သဘောထား ကတော့ ပြောင်းလဲသွားတယ်။ တစ်နည်းပြောရရင် မူဝါဒကတော့ ပြည်သူနဲ့ ဆက်စပ်တယ်။ အစိုးရ အနေနဲ့ ပြည်သူကို မျက်နှာမူတဲ့ သဘောထားကို လက်ခံပြီးတော့ ဒါကို ပြောင်းလဲသွားဖို့ရှိတဲ့ အတွက်ကြောင့် ကျွန်တော်တို့ မီဒီယာများ အနေနဲ့ ပြည်သူကို သတင်းအချက် အလက်ပေးရာ၊ ဖျော်ဖြေမှုပေးရာ၊ အသိပညာပေးရာ၊ ဒီလိုလုပ်ငန်း တာဝန်တွေဆောင်ရွက်တဲ့အခါ ပြည်သူကိုမျက်နှာမူတဲ့ သဘောထားနဲ့အညီ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အတွက်ကြောင့် ပြည်သူကို သတင်း အချက်အလက်တွေပေးတယ်။ အသိပညာပေး တယ် ဆိုတဲ့နေရာမျိုးမှာလည်း အစိုးရဘက်ကနေ တစ်ဖက်သတ် သတင်းအချက်အလက် ပေးတယ်၊ အသိပညာပေးတယ် ဆိုတာမျိုး မဟုတ်ဘဲနဲ့ အများပြည်သူဘက်က ပြန်လည်ပြောဆိုတဲ့ အသံတွေ အထင်အမြင်တွေ ရေးသားချက်တွေကို ကျွန်တော် တို့ရဲ့ ရုပ်သံမီဒီယာတွေရော၊ ပုံနှိပ်မီဒီယာတွေ မှာပါ ဖော်ပြပေးဖို့ရှိပါတယ်။

မေး ။ ။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့အတွက် ပထမ ခြေလှမ်း ရက် ၁၀၀ အတွင်းမှာ ဘာတွေကိုဦးစားပေး ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားဖို့ရှိပါသလဲ။

ဖြေ ။ ။ ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြည်သူနဲ့ ဆက်သွယ်ပေါင်းကူးတဲ့ လုပ်ငန်းတွေ၊ စောစောကမီဒီယာ တွေရှိပါတယ်။ ပြီးတဲ့နောက် ပြည်သူတွေနဲ့ တိုက်ရိုက် ထိတွေ့တဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရဲ့ရုံးတွေ၊ စာကြည့်တိုက်တွေ ရှိပါတယ်။ အဲဒီဟာတွေမှာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်မယ်။ ပြည်သူကို မျက်နှာမူတဲ့ ပြောင်းလဲမှုတွေလုပ်မယ်။

မီဒီယာတွေနဲ့ပတ်သက်လို့ရှိရင် ပထမဆုံး ပုံနှိပ်မီဒီယာမှာတော့ ပထမဦးဆုံးရက် ၁၀၀ ရဲ့ အစပိုင်းလို့ ဆိုရမှာပေါ့။ အစိုးရအဖွဲ့လွှဲပြောင်းလက်ခံတဲ့ ရက်ပိုင်းမှာတင်ပဲ ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာ တွေကို အသွင်အပြင်ရော၊ အတွင်းထဲမှာပါဝင်တဲ့ အကြောင်း အရာတွေကိုပါ ပြောင်းလဲမှုတွေ လုပ်ပါတယ်။ အဲဒါကတော့ သိသာ မြင်သာရှိတယ်ဆိုတာ ပြည်သူတွေဆီက အသံဗလံတွေလည်း ကြားရ ပါတယ်။ ရုပ်သံမီဒီယာပိုင်းမှာလည်း ပြောင်းလဲမှုတွေကို စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒါတွေ ဟာလည်း လာမယ့် ရက်ပိုင်း ရက်သတ္တပတ် အတွင်းလောက်မှာ မြင်သာထင်သာ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။

ပြီးတဲ့နောက် အများပြည်သူနဲ့တိုက်ရိုက်ဆက်ဆံလို့ရတဲ့ ဆက်ဆံမှုရှိနေတယ်။ စောစော ကပြောခဲ့တဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးဌာနတွေ၊ စာကြည့်တိုက်တွေ၊ ဒါတွေကိုလည်း အများ ပြည်သူနဲ့ နှီးနှောဖလှယ်ရာ၊ အများပြည်သူ ဆုံတွေ့ရာ၊ အများပြည်သူတို့ သူတို့ရပ်ရွာ အကြောင်း ကိစ္စတွေကို ဆွေးနွေးတိုင်ပင်ရာ ဃသာကညငအပ ဃနညအမန နေရာတွေ အဖြစ် ပြောင်းလဲဖို့ကိုလည်း စီစဉ်ဆောင်ရွက်နေတယ်။ အဲဒါတွေနဲ့ပတ်သက်လို့ ကနဦးအနေနဲ့ တချို့နေရာ မြို့နယ်၊ ခရိုင်ရုံးတွေနဲ့ စာကြည့်တိုက်တွေမှာ စတင်ပြီးတော့ ပြောင်းလဲမှုတွေ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

မေး ။ ။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ စာနယ်ဇင်းကျင့်ဝတ်နဲ့ ကိုက်ညီတဲ့ သတင်း လွတ်လပ်ခွင့်တွေ အတွက် ဘယ်လို ဆောင်ရွက်သွားမယ်ဆိုတာကိုလည်း သိချင်ပါတယ်။

ဖြေ ။ ။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူနဲ့ဆက်သွယ် ပေါင်းကူးတဲ့ အလုပ်အပြင် ကျွန်တော်တို့ နိုင်ငံတွင်းမှာရှိတဲ့ သတင်းမီဒီယာတွေဖွံ့ဖြိုးတိုးတက်ဖို့၊ စာပေဖွံ့ဖြိုးတိုးတက်ဖို့၊ စာအုပ်စာပေ ဖွံ့ဖြိုးတိုးတက်ဖို့၊ ဒါကိုလည်းပဲ ဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။ ဒါကိုလည်း ဆောင်ရွက်နေပါတယ်။ သတင်းမီဒီယာပိုင်းမှာဆိုရင် သတင်းမီဒီယာ လွတ်လပ်ခွင့်အပိုင်းလည်း ရှိပါတယ်။
အဲဒါနဲ့ပတ်သက်ပြီးတော့ သတင်းမီဒီယာများကို ကန့်သတ်ရာ ရောက်နေတဲ့ တည်ဆဲဥပဒေအချို့ကို သုံးသပ်ပြီးတော့ ပြန်လည် ပြုပြင်ဖို့ စသဖြင့် လိုအပ်တဲ့ဥပဒေတွေပြဋ္ဌာန်းပေးစရာရှိပါတယ်။

သတင်းရရှိမှုနဲ့ ပတ်သက်လို့ပြုပြင်ဆောင်ရွက်သွားဖို့တွေလည်း ရှိပါတယ်။ ဒါတွေကျတော့ နိုင်ငံထဲမှာရှိတဲ့ သတင်းမီဒီယာအဖွဲ့အစည်းတွေ သတင်းမီဒီယာကိစ္စ၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ စိတ်ဝင်စားတဲ့ တစ်ဦးချင်းသော ပုဂ္ဂိုလ်တွေ အသင်းအဖွဲ့တွေကိုပါ ဖိတ်ကြားပြီးတော့ ဆွေးနွေးပြီး ညှိနှိုင်း ဆောင်ရွက် သွားဖို့ ရှိပါတယ်။

သတင်းမီဒီယာကနေဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်လို့ရှိရင် တစ်လက်စထဲ ပြောလို့ရတာ တစ်ခုကတော့ ရုပ်သံမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါတယ်။ ရုပ်သံမီဒီယာကဏ္ဍမှာ ပါဝင်ဆောင်ရွက် ချင်နေတဲ့ မီဒီယာ သမားတွေ ရှိပါတယ်။ ရုပ်သံမီဒီယာဖွံ့ဖြိုး တိုးတက်ဖို့ကိုလည်း ကျွန်တော်တို့ စဉ်းစား ဆောင် ရွက် နေပါတယ်။ ဒီရက်ပိုင်းမှာ ရုပ်သံမီဒီယာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူများ၊ ပါဝင်ပတ်သက်သူများ တက်ရောက်တဲ့ ရုပ်သံလွှင့်မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ပြဋ္ဌာန်းခဲ့တဲ့ ရုပ်သံဥပဒေကလည်း အစိုးရ ပြောင်းလဲလာတဲ့ အနေအထားမှာ နည်းနည်း မဆီလျော်တဲ့ အချက်တွေရှိနေတဲ့အတွက်ကြောင့် ဒါတွေ ပြန်လည်သုံးသပ် ဆွေးနွေးပြီးတော့ ဘယ်လို ပြင် ဆင်မလဲ၊ ဒီဥပဒေနဲ့ အညီ ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်။ တစ်ချိန်တည်းမှာ လက်ရှိ ရှိနေတဲ့ ရုပ်သံလောက အနေအထားကိုလည်း သုံးသပ် ပြီးတော့ ရုပ်သံလုပ်ငန်းထဲမှာ အများပါဝင်ဆောင်ရွက်နိုင်ဖို့၊ တစ်နည်းပြောရင် ရုပ်သံမီဒီယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲက ကနဦးဆွေးနွေးပွဲ ဖြစ်ပါတယ်။ နောက် ထပ် ဆွေးနွေးပွဲတွေက နေပြီးတော့ ရုပ်သံမီဒီယာဖွံ့ဖြိုး တိုးတက်ရေး အတွက် တိကျတဲ့၊ မှန်ကန်တဲ့ အစီအစဉ်တွေချမှတ် ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

မေး ။ ။ နိုင်ငံပိုင်မီဒီယာတွေအပေါ် ပြည်သူတွေ စိတ်ဝင်စားမှု အားနည်းနေမှုနဲ့ ပတ်သက်လို့ အဓိက ဘာတွေကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်သင့်တယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ နိုင်ငံပိုင်မီဒီယာတွေ ဆောင်ရွက်တဲ့အခါမှာ အထူးသဖြင့် တစ်ချိန်တုန်းက အကန့်အသတ်တွေ ရှိပါတယ်။ အကန့် အသတ်တွေထဲမှာ အလုပ်လုပ်ရတဲ့အတွက်ကြောင့် အများပြည်သူ စိတ်ဝင်စားမှု အားနည်းတဲ့ အပိုင်းတွေ ရှိပါတယ်။ ကျွန်တော်တို့ကတော့ မီဒီယာပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါမှာ မီဒီယာများမှာ အစိုးရဘက်က အများပြည်သူကို မိမိသိစေချင်တဲ့ အကြောင်းအရာ အချက်အလက်တွေ ကိုပဲ အသိပေးရတယ်။ အစိုးရ မူဝါဒတွေကိုပဲ ပြောကြားတယ် ဆိုတာမျိုး မဟုတ်ဘဲနဲ့ အများ ပြည်သူရဲ့ အသံတွေ၊ အများပြည်သူတွေဘက်က ပြောဆိုတဲ့ စကားတွေ၊ ရေးသားချက်တွေ ဒါတွေကို ဖော်ပြပေးသွားပါမယ်။

အများပြည်သူကြားထဲမှာရှိတဲ့ အတွေးအခေါ်အသိအမြင်များတဲ့ ပုဂ္ဂိုလ်တွေလို့ ပြောလို့ရတဲ့သူတွေရဲ့ အယူအဆ၊ အတွေးအမြင် အမျိုးမျိုးရှိပါလိမ့်မယ်။ အစိုးရရဲ့ မူဝါဒတွေနဲ့ တူညီတာလည်းရှိ မယ်။ မတူညီတာလည်းရှိမယ်။ သို့သော် အဲဒီလိုအမျိုးမျိုးရှိသော အယအူ ဆတွေ၊ အရေးအသားတေ၊ွ အပြောအဆိုတွေ ဒါတွေကိုပါ ဖော်ပြပေးနိုင်ရင် မီဒီယာတွေသည် ပြင်ပမီဒီယာများကဲ့သို့ စိတ်ဝင် စားဖွယ်ရာ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါလည်း ပြုပြင်ပြောင်းလဲဖို့ စီစဉ်နေပါတယ်။

မေး ။ ။ ဝန်ကြီးဌာနတွေမှာ ပြောရေးဆိုခွင့်ရှိသူတွေ ထားရှိမှု အပေါ် ဘယ်လိုထင်မြင်ယူဆပါသလဲ။

ဖြေ ။ ။ လက်ရှိအစိုးရသည် ပွင့်လင်းမြင်သာမှုရှိတယ်၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတယ်ဆိုတာမျိုး အများပြည်သူလည်း သိမြင်လက်ခံနိုင်အောင် တကယ်လည်းပဲ အဲဒီအတိုင်းဖြစ်လာ နိုင်အောင်ဆိုရင် အများ ပြည်သူနဲ့ဆက်ဆံမှုရှိရမယ်။ ဆက်ဆံမှု ရှိတယ်ဆိုရာမှာ အများပြည်သူကို မိမိတို့ ပြောစရာ ရှိတာတွေကို ထုတ်ပြန်ပြောဆိုဖို့ရှိသလို သိချင်တဲ့အတွက်ကြောင့် မေးမြန်း လာသမျှကိုလည်း ဖြေကြားဖို့ ရှိပါတယ်။ အဲဒီလိုပြောဆိုဖြေကြား နိုင်ဖို့အတွက် အစိုးရဝန်ကြီးဌာနအသီးသီးမှာ ခုနက ပြောတဲ့ ပြောရေး ဆိုရေး ရှိသူဆိုတဲ့ ပုဂ္ဂိုလ်မျိုးတွေ ပုံမှန်ထားရှိဖို့ လိုပါတယ်။ အဲဒီပုဂ္ဂိုလ်မျိုးသည် မီဒီယာများနှင့် ရင်းရင်းနှီးနှီး ဆက်သွယ်မှု ရှိနေဖို့လိုပါတယ်။ အဲဒီအတွက်ကိုလည်း ကျွန်တော်တို့က ပြန်ကြားရေး ဝန်ကြီးဌာန ဖြစ်တာကြောင့်၊ ဒီလုပ်ငန်းသည် ကျွန်တော်တို့နဲကလည်း ပိုမိုသက်ဆိုင်တဲ့အတွက် ဝန်ကြီးဌာန အသီးသီးက ပြောရေး ဆိုရေးရှိသူဆိုတဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်ကြားပြီးတော့ ပြောရေးဆိုရေး ရှိသူရဲ့ အလုပ်တွေကို အောင်အောင်မြင်မြင်ရှိအောင် ဘယ်လို ဆောင်ရွက်ကြမလဲဆိုတဲ့ ဆွေးနွေး ညှိနှိုင်းပွဲလည်း မကြာခင်က လုပ်ခဲ့ပါတယ်။ ပြောရေးဆိုရေးရှိသူတွေကို တကယ်သွက်လက် ထက်မြက်တဲ့ ပြောရေးဆိုရေး ရှိသူ ပုဂ္ဂိုလ်တွေဖြစ်စေဖို့ သူတို့ လုပ်ငန်းကို ထိထိရောက်ရောက် ဆောင်ရွက်စေ ဖို့ နိုင်ငံတကာ မီဒီယာ ပညာရှင်တွေနဲ့ ပြည်တွင်းက မီဒီယာ ပညာရှင်တွေလည်း ပါဝင်ပြီးတော့ ဦးဆောင်ပြီး သင်တန်းသဘောမျိုး ရက်တိုလေ့ကျင့်မှုတွေလည်း လုပ်ဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။

မေး ။ ။ သတင်းမီဒီယာကဏ္ဍနဲ့ စာပေလောက ဖွံ့ဖြိုးဖို့ ဘာတွေလိုအပ်ပါသလဲ။ လိုအပ်ချက်တွေကို ဘယ်လိုဖြည့်ဆည်း သွားမယ်ဆိုတာ သိချင်ပါတယ်။

ဖြေ ။ ။ ဖြည့်စွက်ပြောချင်တာကတော့ ဝန်ကြီးဌာနအနေနဲ့ တိုင်းပြည် စာပေဖွံ့ဖြိုး တိုးတက်ရေး အတွက်လည်း တာဝန်ရှိတယ်လို့ပြောခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်လို့လည်း တစ်ဖက်က လုပ်နေတာလည်း ရှိပါတယ်။ ဥပမာ ရန်ကုန်မြို့မှာ အများပြည်သူသွားလာရန် လွယ်ကူတဲ့ မြို့လယ်ကောင်မှာရှိတဲ့ စာပေ ဗိမာန် အဆောက်အအုံရှိပါတယ်။ လောလောဆယ် စာပေဗိမာန်အဆောက်အအုံရဲ့ မြေညီထပ်မှာ စာအုပ်ဆိုင် တစ်ဆိုင်ရှိ ပါတယ်။ ဒီစာအုပ်ဆိုင်ကို ပိုပြီးတော့ ကျယ်ဝန်းတဲ့စာအုပ်ဆိုင် တစ်ဆိုင် ဖြစ် လာအောင် ပြုပြင်ပြောင်းလဲဖို့ ညှိနှိုင်းဆောင်ရွက်နေတာ ရှိပါတယ်။ ညှိနှိုင်းဆောင်ရွက်မှုတွေကို ပြီးခဲ့တဲ့ လကတည်းက ဆောင်ရွက်မှုတွေစပြီးတော့ လုပ်နေပါပြီ။ မကြာမီ အကောင် အထည်ဖော် လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

နောက်တစ်ခုက စာပေဗိမာန်အဆောက်အအုံဟာလည်း နဂိုမူလ စာကြည့်တိုက် တစ်ခု ရှိခဲ့ပါတယ်။ အဲဒီ စာကြည့်တိုက်ကိုလည်း ရန်ကုန်မြို့လယ် သွားရေးလာရေး လွယ်ကူတဲ့နေရမှာ ရှိတာဖြစ်တဲ့ အတွက်ကြောင့်၊ အများပြည်သူ စာအုပ်စာပေသမားတွေလည်း ဝင်ထွက်ဖို့ လွယ်ကူတာ ဖြစ်တဲ့ အတွက်ကြောင့် သူတို့အတွက် ဒီစာကြည့်တိုက်ကြီးကို မြို့လယ်စာကြည့်တိုက်တစ်ခုအနေနဲ့ ဖြစ်လာအောင် ပိုမိုပြည့်စုံတဲ့ စာကြည့်တိုက်ဖြစ်လာအောင်၊ ခေတ်မီတဲ့စာကြည့်တိုက် ဖြစ်လာအောင် လုပ်ဖို့လည်း စာကြည့်တိုက် ပညာရှင်တွေ၊ စာကြည့်တိုက်ကိစ္စမှာ စိတ်ဝင်စားတဲ့ တခြားပုဂ္ဂိုလ်တွေနဲ့ ပူးတွဲပြီးတော့ စတင်ဆောင် ရွက်နေတာ ဖြစ်ပါတယ်။ နောက်တစ်ခုက စာပေဖွံ့ဖြိုးတိုးတက်ရေး၊ စာအုပ်စာပေ လှုပ်ရှားမှုအနေနဲ့ အခုစပြီး လှုပ်ရှားနေတာ ရှိပါတယ်။ တကယ်ကျင်းပမှာကတော့ ဇူလိုင်လမှာ လုပ်ဖြစ်မယ်။

အဲဒါကတော့ ရန်ကုန်မြို့ သိမ်ဖြူလမ်းမှာရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာန အဆောက်အအုံမှာပဲ စာပေ နှီးနှော ဖလှယ်ပွဲတစ်ခု ကျင်းပပါမယ်။ ခေါင်းစဉ်ကတော့ “မြန်မာနိုင်ငံရေးစာပေ ဆိုင်ရာ နှီးနှောဖလှယ်ပွဲ” အဲဒီခေါင်းစဉ်နဲ့ စာပေဆွေးနွေးပွဲ တစ်ရပ်ကျင်းပပါမယ်။ အဲဒီစာပေဆွေးနွေးပွဲက နှစ်ရက် သုံးရက်ကြာ ကျင်းပဖို့ရှိပါတယ်။ အဲဒီရက်ပိုင်းအတွင်းမှာ အဲဒီအဆောက်အအုံဝင်းထဲမှာပဲ စာအုပ်ဈေးရောင်းပွဲတော် အလွယ်တကူ ပြောမယ်ဆိုရင် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော်တစ်ခုကို ရန်ကုန်မြို့မှ စာအုပ် လုပ်ငန်း သမားတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ကျင်းပဖို့ ရှိပါတယ်။ စာအုပ်ပွဲတော်မျိုး၊ စာပေဆွေးနွေးပွဲမျိုးတွေ အခါအားလျော်စွာ လုပ်သွားကြပြီး စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် အများကြီး အထောက် အကူ ဖြစ်မယ် လို့ မျှော်လင့်ပါတယ်။

ဦးတင့်ဆွေ
အမြဲတမ်းအတွင်းဝန်
ပြန်ကြားရေးဝန်ကြီးဌာန
မေး ။ ။ ရက်ပေါင်း ၁၀၀ အတွင်း ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ကဏ္ဍဘယ်နှခုနဲ့ လုပ်ငန်းစဉ် ဘယ်မျိုးကို ဆောင်ရွက်သွားမယ်ဆိုတာ သိချင်ပါတယ်။

ဖြေ ။ ။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြည်သူ့အတွက် ပထမရက် ၁၀၀ အတွင်းမှာ လုပ်ဆောင်မှာက အပိုင်း နှစ်ပိုင်းရှိပါတယ်။

ပထမပိုင်းအနေနဲ့ ပြောရရင် သတင်းအချက်အလက် ရယူခွင့် (Access to Information)နဲ့ ပတ်သက်ရင် မီဒီယာတွေမှာရော၊ လူထုမှာရော သိချင်တဲ့ အနေအထားရှိပါတယ်။

သတင်းရယူခွင့်ကို မီဒီယာတွေရအောင် ဆောင်ရွက်ဖို့ရှိပါတယ်။ သတင်းမီဒီယာ ဥပဒေမှာလည်း ပါပါတယ်။ ပုဒ်မ ၆၊ ၇၊ ၈ မှာ ပြဋ္ဌာန်း ထားပါတယ်။ နည်းဥပဒေ အခန်း ၉ မှာ ပုဒ်မ ၃၀၊ ၃၁မှာ ပြဋ္ဌာန်း ထားပါတယ်။ တကယ်တမ်းကျတော့ ဌာနဆိုင်ရာတွေကရော၊ မီဒီယာတွေကရော သေချာ ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။ ဒီအတွက် အထူးကဏ္ဍတစ်ခုအနေနဲ့ ရက် ၁၀၀ အတွင်းမှာ ဆောင်ရွက်ဖို့ ရှိပါတယ်။

ဌာနဆိုင်ရာတွေမှာ ပြောရေးဆိုခွင့် (spokespersons)တွေ ဖွဲ့ပါတယ်။ မနေ့ကအထိ ဝန်ကြီးဌာန ၂၁ ခု က ပြောရေးဆိုခွင့် ရှိသူ ၆၇ ဦးရှိပါတယ်။ သူတို့နဲ့လည်း ကြိုတင် ညှိနှိုင်းအစည်းအဝေး လုပ်ပြီးပါပြီ။ ပြီးရင်တော့ ပြောရေးဆိုခွင့် ရှိသူတွေကို ဇွန်လ ၇ ရက်၊ ၈ ရက်မှာ Experts တွေနဲ့ Short Course Training တွေ ပေးပါတယ်။ ဇွန် ၂၀၊ ၂၁ ရက်မှာ UNESCO က International Expert နဲ့ ထပ်ပြီး သင်တန်းပေးပါမယ်။

ဒီလိုသင်တန်းတွေ ပြီးသွားရင် ပြောရေးဆိုခွင့်ရှိသူတွေဟာ မီဒီယာတွေကို သတင်းတွေပေးနိုင်မယ် လို့ မြင်ပါတယ်။ တစ်ခါ မီဒီယာကနေတစ်ဆင့် လူထုဆီကို အစိုးရဆီက သတင်းတွေ ပြန်ရောက် မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါက ဆောင်ရွက်ချင်တဲ့ အပိုင်းပေါ့။

ဒုတိယအပိုင်းက ရုပ်သံလွှင့်မီဒီယာ ဖွံ့ ဖြိုးတိုးတက်ရေးဖြစ် ပါတယ။် ရုပ်သံလွှင့်မီဒီယာနဲ့ ပတ်သက်ရင် ဥပဒေနဲ့ မြေပြင်အနေအထားဆိုပြီး နှစ်ချက်ရှိပါတယ်။ ဥပဒေက ၂၀၁၅ ခုနှစ် သြဂုတ်လ က ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဥပဒေက တချို့အချက် အလက်တွေကို သက်ဆိုင်ရာ နယ်ပယ်တွေ က ပြန်ပြီး Review လုပ်ချင်တာရှိပါတယ်။

ဒီလို ရုပ်သံလွှင့်မီဒီယာ ဖွံ့ဖြိုးတိုးတက်ဖို့ Law တစ်ခုထဲကို လုပ်ရင် အချိန်ကြာနိုင်ပါတယ်။ ခြောက်လ ကြာမလား၊ တစ်နှစ် ကြာမလား မသိနိုင်တော့ ဒီကာလအတွင်းမှာလည်း ဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်လို လုပ်သွားမယ်ဆိုတာကို ဝိုင်းပြီး စဉ်းစားကြရမှာပါ။ ဒီအတွက်ကျွန်တော်တို့နဲ့ International Media Development Partner တွေ ရှိပါတယ်။ ပြည်တွင်းမှာလည်း Private Partner ဒါ့ကြောင့် ဒီအတွက် Dialouge တစ်ခုလုပ်ပါတယ်။ ဒီက ထွက်လာတဲ့ Out comes တွေကို ပြန်စုစည်းပြီးရင် ရက် ၁၀၀ အတွင်းမှာပဲ နိုင်ငံပိုင် ရုပ်သံလွှင့်ကဏ္ဍ ဖွံ့ ဖြိုးတိုးတက်မှုအတွက် ဘယ်လိုသွားမလဲဆိုတာ ဆောင်ရွက်နေတာရှိပါတယ်။

ဦးမြင့်ထွေး
ညွှန်ကြားရေးမှူးချုပ်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား
မေး ။ ။ ပထမခြေလှမ်း ရက် ၁၀၀ အတွင်း ရုပ်သံမီဒီယာဖွံ့ဖြိုးတိုးတက်အောင် ဘယ်ကဏ္ဍတွေကို ဦးစားပေး အကောင်အထည် ဖော်သွားမလဲဆိုတာ သိချင်ပါတယ်။ 

ဖြေ ။ ။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟာ အစိုးရသစ်တက်ပြီးမကြာမီ ဧပြီလ ၈ ရက်နဲ့ ၂၁ ရက် နေ့တွေမှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကို ရောက်ရှိလာပြီးတော့ ၀န်ထမ်းတွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံတဲ့အခါမှာ ဝန်ထမ်းတွေကို ပြန်ကြားရေးဝန်ကြီးက လမ်းညွှန်မှာကြားတာ သုံးချက် ရှိပါတယ်။ ပထမတစ်ချက်ကတော့ ထုတ်လွှင့်တဲ့ အစီအစဉ်အားလုံးဟာ ပြည်သူကို မျက်နှာမူတဲ့မူဝါဒနဲ့ ဦးတည်စဉ်း စားဆောင်ရွက်ဖို့၊ ဒုတိယအချက်ကတော့ သတင်းအစီအစဉ်တွေကို အရည်အသွေးရှိရှိ ထုတ်လွှင့်နိုင်ဖို့အတွက်ကို ကျွမ်းကျင် သူတွေ၊ ပညာရှင်တွေဖိတ်ခေါ်ပြီး ဝန်ထမ်းတွေ ကြားထဲမှာ အဖွဲ့ငယ်တွေဖွဲ့ပြီးတော့ ဆွေးနွေးဆောင်ရွက်ဖို့၊ နံပါတ်သုံး အချက်ကတော့ သတင်းနဲ့ အစီအစဉ်တွေဟာ ပြည်သူတွေရဲ့ အသံ၊ ပြည်သူတွေရဲ့ဆန္ဒကို ထင်ဟပ်ပေါ်လွင်စေဖို့ဆိုပြီးတော့ အချက် သုံးချက်ကို မှာကြားခဲ့ပါတယ်။

အဲဒီမှာကြားချက်နဲ့အညီ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားရဲ့ ရက် ၁၀၀ အတွင်းဆောင်ရွက်ရမယ့် လုပ်ငန်းကတော့ သုံးခုရှိ ပါတယ်။ နံပါတ် (၁) ကတော့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကို အများပြည်သူ ဝန်ဆောင်မှု ရုပ်သံလွှင့်လုပ်ငန်း PSB အဖြစ် ပြောင်းလဲဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ နံပါတ်(၂)ကတော့ Channel Rebranding ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ နံပါတ်(၃)အချက် ကတော့ မြန်မာနိုင်ငံမှာ ရုပ်သံလွှင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေး အတွက် ရုပ်သံလုပ်ငန်းလုပ်ကိုင်လိုသူ New Broadcaster တွေကို ပါဝင်ဆောင် ရွက်နိုင်ရေး ဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်။

ပထမလုပ်ငန်းဖြစ်တဲ့ PSB ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး နှစ်ပိုင်းရှိပါတယ်။ အဲဒါကတော့ Human Resources အပိုင်းနဲ့ Content အပိုင်း ဖြစ်ပါတယ်။ Human Resources အပိုင်းမှာတော့ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ကို မြန်မာ့အသံနဲ့ရုပ်မြင်သံကြားအနေနဲ့ ၂၀၁၃ ခုနှစ် ကစပြီးတော့ နိုင်ငံတကာ အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ PSB ပြောင်းလဲရေးအတွက်ကို ဝန်ထမ်းတွေ ကို လေ့ကျင့် သင်ကြား ဆောင်ရွက်ပေးခဲ့ပါတယ်။

ရုပ်သံအစီအစဉ်တွေ ကောင်းမွန်ဖို့အတွက်လည်း ဌာနတွင်းမှာ ဝန်ထမ်းတွေနဲ့ အပြန်အလှန် ဆွေးနွေး ပွဲတွေ ပြုလုပ်ပြီးတော့ ပြင်ပက နားလည်တတ်ကျွမ်းတဲ့ မီဒီယာတတ်ကျွမ်းသူတွေ၊ စိတ်ပါ ဝင်စားသူတွေ၊ ပညာရှင်တွေကို ဖိတ်ခေါ်ပြီးတော့ ဆွေးနွေးပွဲတွေလည်း စဉ်ဆက်မပြတ် ဆောင်ရွက် လျက် ရှိပါတယ်။

နောက် Content ပိုင်းမှာတော့ Public interest reporting၊ အများပြည်သူအကျိုးစီးပွား၊ အများပြည်သူ သိချင်တဲ့ သိသင့်တဲ့ အချက်တွေကို အခြေခံပြီးတော့ Public နဲ့ interactive ဖြစ်တဲ့ Program တွေကို ပိုမို ထုတ်လုပ်သွားဖို့ အတွက်ကို ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။

နောက်တစ်ခု မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား အနေနဲ့ကတော့ အစိုးရရဲ့ မူဝါဒတွေ အစိုးရကနေ ပြည်သူ အတွက် ဆောင်ရွက်ပေးနေမှုတွေကို ဖော်ပြပေးနေတဲ့အပြင် ပြည်သူတွေရဲ့အသံ။ ပြည်သူတွေရဲ့ လိုအပ်ချက်ဆန္ဒ။ နောက်တစ်ခါ ပြည်သူတွေကနေပြီးတော့ အစိုးရကို တင်ပြလိုတဲ့ သတင်းစကား တွေ ကိုလည်း ကျွန်တော်တို့က ပြည်သူ့ကိုယ်စား ထုတ်လွှင့်ပေးဖို့အတွက်ကို ကြိုးစားဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ 

နောက် ဒုတိယအချက်ဖြစ်တဲ့ Channel Rebranding လုပ်ဖို့အတွက် Logo ၊ နောက် Main Title တွေ အပါအဝင် Software တွေကို ဗစ်ဆာတီကုမ္ပဏီနဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့ဂရပ်ဖစ်ဒီဇိုင်းတွေကို အသစ် ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက် လျက်ရှိပါတယ်။

နောက်တတိယလုပ်ငန်းဖြစ်တဲ့ ရုပ်သံမီဒီယာဖွံ့ဖြိုး တိုးတက်ရေးအတွက်ကိုလည်း မီဒီယာသမားတွေ၊ ဥပဒေပညာရှင်တွေ၊ နောက် သတင်းစားနဲ့ ဂျာနယ်ကနေပြီးတော့ တာဝန်ရှိတဲ့သူတွေ၊ ပြင်ပပညာရှင်တွေ၊ Broadcaster တွေ၊ နောက်ရုပ်သံလွှင့်လုပ်ငန်းကို လက်တွေ့ဆောင်ရွက်နေတဲ့သူတွေ ပါဝင်တဲ့ ဆွေးနွေး ပွဲ တွေ ကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။

အဲဒီဆွေးနွေးပွဲမှာ သူတို့ရဲ့ အကြံပြုချက်၊ အမြင်တွေအပေါ်မှာ သုံးသပ်ပြီးတော့ လိုအပ်သလို ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေနဲ့ ရုပ်မြင်သံကြားနဲ့ အသံ ထုတ်လွှင့်ခြင်း ဆိုင်ရာ ဥပဒေကို ၂၀၁၅ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် ကနေ ဥပဒေအမှတ် ၅၃ နဲ့ ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ အဲ့ဒီဥပဒေမှာ ပါတဲ့ ကောင်စီ ဖွဲ့စည်း နိုင်ဖို့အတွက်ကို ဥပဒေပါ အချက်အချို့ကို ပြင်ဆင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။

အဲ့ဒီလို ပြင်ဆင်ပြီးလို့ ကောင်စီ ပေါ်ပေါက်လာပြီဆိုရင် အဲ့ဒီကောင်စီကနေ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေ ထုတ်ပြန်မှာ ဖြစ်ပါတယ်။ အဲ့ဒီလို ထုတ်ပြန်ပေးရင်တော့ ရုပ်သံလုပ်ငန်းကို လုပ်ကိုင်လိုတဲ့ New Broadcaster တွေ အနေနဲ့ကတော့ သတ်မှတ် စည်းမျဉ်း စည်းကမ်းများနဲကအညီ လုပ်ငန်း လိုင်စင်များ လျှောက်ထားပြီး ရုပ်သံလွှင့်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နိုင်တော့မှာဖြစ်ပါတယ်။

အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့ရဲ့ Broadcasting Industry တစ်ခုလုံးဟာ အများကြီး တိုးတက် ပြောင်းလဲလာ တော့မှာ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ ရက် ၁၀၀ အတွင်း ဆောင်ရွက်မယ့် လုပ်ငန်းစဉ် သုံးခုကို တင်ပြခဲ့တာဖြစ်ပါတယ်။

အဲဒါအပြင် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား အနေနဲ့ကတော့ မိမိတို့ဌာနရဲ့ ရက် ၁၀၀ အတွင်း ဆောင်ရွက်ရမယ့် လုပ်ငန်း တွေအပြင် ကျွန်တော်တို့က အစိုးရသစ်ရဲ့ ရက်ပေါင်း ၁၀၀ ကာလအတွင်းမှာ အခြားဌာနများရဲ့ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ပြည်သူများ သိရှိဖို့အတွက် ပြည်သူ့အတွက် ပထမ ရက် ၁၀၀ ဆိုတဲ့ အစီအစဉ်ကို မေလ ၁၄ ရက်နေ့ကနေစပြီးတော့ ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိပါတယ်။

အဲ့ဒီရက်ပေါင်း ၁၀၀ ပြည့်ပြီးသွားလို့ ၁၀၁ ရက် နေစပြီးတော့ ဝန်ကြီးဌာနတွေအနေနဲ့ ရက်ပေါင်း ၁၀၀ ကာလအတွင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့မှုတွေအပြင် အားနည်းချက်၊ အားသာချက် များကိုလည်း ကျွန်တော်တို့က ဆက်လက်ပြီး ရိုက်ကူးထုတ်လွှင့်ဖို့အတွက် စဉ်းစားထားပါတယ်။

အချုပ်အားဖြင့် တင်ပြရရင် ကျွန်တော်တို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား MRTV အနေနဲ့ ပြည်သူ့အကျိုးပြု ပြီးတော့ အရည်အသွေးရှိတဲ့ ရုပ်မြင်သံကြား Channel တစ်ခုဖြစ်အောင် ဆက်လက်ကြိုးစား ဆောင်ရွက် သွားပါမယ်လို့ ပြောကြား လိုပါတယ်။

ဦးအောင်မျိုးမြင့်
ညွှန်ကြားရေးမှူးချုပ်
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန
မေး ။ ။ အစိုးရက ဆောင်ရွက်နေတဲ့ ပြည်သူ့အတွက် ရက် ၁၀၀ စီမံချက်မှာ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေး ဦးစီးဌာနအနေနဲ့ ဘာတွေကို ဆောင်ရွက်သွားမှာပါလဲ။

ဖြေ ။ ။ ပုံနှိပ်ရေးနဲ့ထုတ်ဝေရေး ဦးစီးဌာနအနေနဲ့ ပထမရက် ၁၀၀ အတွင်း ဆောင်ရွက်မယ့် လုပ်ငန်းတွေကို အကောင်အထည်ဖော်ရာမှာ စာပေဌာနခွဲ (စာပေဗိမာန်)က ဆောင်ရွက်နေတဲ့ စာပေဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍနဲ့ ပုံနှိပ်စက်ရုံများရဲ့ ပုံနှိပ် ထုတ်လုပ်ခြင်းလုပ်ငန်းကဏ္ဍဆိုတဲ့ ကဏ္ဍနှစ်ရပ်နဲ့ အကောင် အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

စာပေဗိမာန်က ဆောင်ရွက်နေတဲ့ အခန်းကဏ္ဍကိုပြောရရင် လက်ရှိဆောင်ရွက်နေတဲ့ အမျိုးသား စာပေဆုနဲ့ စာပေဗိမာန် စာမူဆုတွေ စိစစ်ရွေးချယ်ရာမှာ စိစစ်ရွေးချယ်ရေးအဖွဲ့တွေမှာ စာပေနယ်က ထင်ရှားကျော်ကြားတဲ့ စာပေပညာရှင်တွေ ပိုမိုပူးပေါင်း ပါဝင်လာစေဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆုများ စိစစ်ရွေးချယ်ရာမှာ ပိုမိုပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေဖြစ်တဲ့ စာတမ်းဖတ်ပွဲ၊ စာအုပ်ဈေးပွဲတော်၊ စာပေဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲစတဲ့ လှုပ်ရှားမှုတွေနဲ့ အခမ်းအနားတွေမှာ စာပေဗိမာန်က ပြည်သူတွေ ပိုမိုတက်ကြွစွာ ပါဝင်ရေး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စာပေလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့ မိတ်ဖက်စာပေ အဖွဲ့အစည်းတွေနဲ့လည်း ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ပြည်သူတွေ ပညာမျက်စိပွင့်လင်းပြီး ဗဟုသုတများ ရရှိစေဖို့နဲ့ နှလုံးသားနူးညံ့စေမယ့် ရသတွေ ခံစားနိုင်ဖို့ စာပေကို ဖတ်ရှုလေ့လာမှတ်သားကြရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သုတ၊ ရသ စာပေတွေကို ဖြန့်ဖြူးပေးနေတဲ့ စာအုပ်ဆိုင်တွေဟာ မရှိမဖြစ် လိုအပ်ပါတယ်။ စာပေဗိမာန်ဟာ ရန်ကုန်မြို့ရဲ့ အချက်အချာနေရာမှာ ရှိတာကြောင့် လက်ရှိဖွင့်လှစ်နေတဲ့ စာပေဗိမာန် အရောင်းဆိုင်မှာ သုတ၊ ရသ စာအုပ်စာတမ်းတွေ ပိုမို စုံလင်အောင် ရောင်းချပေးနိုင်ဖို့၊ စာအုပ်ဆိုင်ကို လာကြတဲ့ စာပေ စိတ်ဝင်စားသူများ သက်တောင့် သက်သာနဲ့ စာမြည်းပြီး နှစ်သက်ရာ စာအုပ်တွေကို ဝယ်ယူနိုင်ဖို့၊ စာပေ စိတ်ဝင်စားသူများကို ဆွဲဆောင်နိုင်မယ့် အပြင်အဆင်တွေ ပြင်ဆင်နိုင်ဖို့စတဲ့ စာအုပ်ဆိုင် အဆင့်မြှင့်တင် နိုင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နိုင်အောင် အကောင်အထည်ဖော်လျက် ရှိပါတယ်။

ဒါ့အပြင် စာဖတ်ရှိန်မြှင့်တင်နိုင်အောင်၊ ပြည်သူတွေ သုတ၊ ရသ စာပေတွေကို စိတ်ကြိုက် ရွေးချယ် ဝယ်ယူခွင့်ရနိုင်အောင် လက်ရှိဖွင့်လှစ်ထားတဲ့ စာပေဗိမာန်စာအုပ်ဆိုင်အပြင် စာပေဗိမာန်မှာပဲ အဆင့်မီ စာပေဗိမာန် စာအုပ်ဆိုင်တစ်ဆိုင် အသစ်ဖွင့်လှစ်ဖို့ စီမံဆောင်ရွက်လျက် ရှိပါတယ်။

စာပေဗိမာန်ဟာ စာပေဖွံ့ဖြိုးမှု လုပ်ငန်းတွေကို ဆောင်ရွက်ရုံသာမက ပြည်သူများ သုတ၊ ရသစာပေများ ဖတ်ရှုလေ့လာ ခံစားနိုင်အောင် ရန်ကုန်နဲ့ မန္တလေးတို့မှာ စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်တွေ တည်ထောင် ဖွင့်လှစ်ပြီးပြီး ပြည်သူကို ဝန်ဆောင်မှု ပေးနေပါတယ်။ ရန်ကုန်မှာ ရှိတဲ့ စာပေဗိမာန် ပြည်သူ့ စာကြည့်တိုက်မှာ ပြည်သူတွေဖတ်ရှုနိုင်အောင် စာအုပ်စာပေတွေကို ဖြည့်ဆည်းပေးထားတဲ့အပြင် e-Book တွေကို e-catalog နဲက အလွယ်တကူ ရှာဖွေနိုင်အောင်၊ ခွင့်ပြုထားတဲ့ စာအုပ်တွေကို Download ဆွဲနိုင်အောင်၊ Wi-Fi အသုံးပြုနိုင်အောင်၊ PDLS စက်အသုံးပြုပြီး စာအုပ်တွေ ဖတ်ရှုနိုင်အောင်၊ Download ဆွဲနိုင်အောင် ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ ပြည်သူတွေကို မျက်နှာမူပြီး ဒီထက်ပိုမိုကောင်းမွန် ပြည့်စုံတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်အောင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်ကို နိုင်ငံတကာ အဆင့်မီ စာကြည့်တိုက်ဖြစ်အောင် မွမ်းမံပြင်ဆင်ဖို့ စီမံ ဆောင်ရွက်လျက်ရှိပါတယ်။

ပုံနှိပ်စက်ရုံတွေ အခန်းကဏ္ဍအနေနဲ့ ရန်ကုန်မြို့မှာ ပုံနှိပ် စက်ရုံ ငါးရုံ၊ မ္တလေးမြို့မှာ ပုံနှိပ်စက်ရုံ တစ်ရုံ၊ နေပြည်တော်မှာ ပုံနှိပ်စက်ရုံ တစ်ရုံ စုစုပေါင်း ပုံနှိပ်စက်ရုံ ခုနစ်ရုံနဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေ ပါတယ်။ အရင်က ပညာရေးဝန်ကြီးဌာနက အပ်နှံတဲ့ ကျောင်းသုံးစာအုပ်တွေကို အဓိက ပုံနှိပ်ပေးပြီး နိုင်ငံတော်ရဲ့ အရေးကြီး ပုံနှိပ်လုပ်ငန်းတွေနဲ့ အခြားပုံနှိပ်လုပ်ငန်းတွေ ကိုလည်း ဆောင်ရွက်ပေး ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် အောင်ဆန်းဒေသမှာ ရှိတဲ့ ပုံနှိပ်စက်ရုံသုံးရုံမှာ အဆင့်မီ ပုံနှိပ်သင်တန်းကျောင်း ဖွင့်လှစ်သင်ကြားပေးပြီး ပုံနှိပ်လုပ်ငန်း အရည်အသွေး မြင့်မားလာအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဦးမောင်ဖေ
ခေတတညွှန်ကြားရေးမှူးချုပ်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
မေး ။ ။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေနဲ့ လတ်တလော အကောင် အထည်ဖော် ဆောင်ရွက်နေတဲ့ ပြည်သူ့အတွက် ရက် ၁၀၀ စီမံချက်မှာ ဘယ်ကဏ္ဍတွေကို ဦးစားပေး ဆောင်ရွက် သွားမယ်တာဆိုတာကို သိချင်ပါတယ်။

ဖြေ ။ ။ ကျွန်တော်တို့ ဌာနရဲ့ ရက်ပေါင်း ၁၀၀ အတွင်းမှာ ဆောင်ရွက်မယ့် လုပ်ငန်းနှစ်ခုပေါ့။ ပထမ လုပ်ငန်းကတော့ ကျွန်တော်တို့ ရုံးတွေရဲ့ စာကြည့်တိုက်တွေကို ဝန်ဆောင်မှု အဆင့်မြှင့်တင်တဲ့အနေနဲ့ Innovative Service တွေကို ဆောင်ရွက်သွားဖို့အစီအစဉ်ရှိပါတယ်။ အဲ့ဒါတွေကို ၂၀၁၃ ခုနှစ်က ကော့မှူးမြို့နယ် မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းပြီး Community Library အဖြစ် ဆောင်ရွက် ခဲ့ပါတယ်။ အဲ့ဒီကမှ Community Centre အဖြစ်တိုးမြှင့် ဆောင်ရွက်သွားဖို့ရှိပါတယ်။ လက်ရှိ ဆောင်ရွက်ခဲ့တဲ့ ကော့မှူးမြို့နယ်က အောင်မြင်မှုတွေကိုယူပြီးတော့ ကျန်တဲ့ နတ်မောက်ရယ်၊ ကလောရယ်၊ မြောင်းမြရယ်၊ နေပြည်တော်ရယ် အဲ့ဒီလေးမြို့ကို ဒီရက် ၁၀၀ အတွင်းမှာ အဆင့်မြှင့်တင် ဆောင်ရွက်သွားဖို့ရှိပါတယ်။

အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ဌာနက ဒုညွှန်ချုပ်ဦးစီးတဲ့ အဖွဲ့ရယ်၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း က ဖွဲ့ထားတဲ့ အင်ဂျင်နီယာအဖွဲ့တွေ ပူးပေါင်းပြီးတော့ ပြီးခဲ့တဲ့လရဲ့ ပထမအပတ်မှာ Survey လုပ်ပြီး ဆောင်ရွက်နေတာ ရှိပါတယ်။ မကြာခင်မှာ MoU ထိုးပြီး ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားမှာပါ။ အဲဒီဟာတွေကို အကောင်အထည်ဖော် ဆောင်ရွက် သွားဖို့ဆိုရင် နောက် ဆက်ပြီးတော့လည်း တိုင်းဒေသကြီးနဲ့ ခရိုင်တွေမှာရှိတဲ့ ခရိုင်ရုံးကြီးတွေကို ထပ်မံတိုးချဲ့ပြီး စီမံချက်နဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

တစ်ခါတည်း တစ်ပြိုင်တည်းမှာပဲ ရန်ကုန်နဲ့ မန္တလေးမှာလည်း ရန်ကုန်မှာဆို ငါးနေရာ၊ မန္တလေးမှာ သုံးနေရာCommunity Centre အဖြစ်ရွေးချယ်ပြီးတော့ ဆောင်ရွက်သွားမှာပါ။ မေလ ၁၄ ရက်နေ့ ကလည်း ဝန်ကြီးကိုယ်တိုင် ပန်းဆိုးတန်းရုံးမှာရှိတဲ့ ရန်ကုန်အနောက်ပိုင်းခရိုင် ပညာအလင်း ခေတ်မီ စာကြည့်တိုက်ကို သွားရောက် စစ်ဆေးပြီးတော့ အဲဒီ စာကြည့်တိုက်တွေကို Community Library အဖြစ် ဆောင်ရွက်ဖို့ အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ လမ်းညွှန်မှုပြုပြီး ဖြစ်ပါတယ်။ အဲဒီလိုပဲ မန္တလေးမှာလည်း သုံးခုဆောင်ရွက်သွားဖို့ အစီအစဉ် ရှိပါတယ်။ ဒါကတော့ စာကြည့်တိုက်တွေကို အဆင့်တိုးမြှင့် ဝန်ဆောင်မှုပေးမယ့်စနစ်ပဲ ဖြစ်ပါတယ်။

ဒုတိယအနေနဲ့ ကျွန်တော်တို့ အဓိကလုပ်မယ့် လုပ်ငန်းကတော့ သတင်းဝန်ဆောင်မှု ပေးမယ့် လုပ်ငန်းဖြစ်ပါတယ်။ ကျွန်တော်တို့ဌာနမှာရှိတဲ့ ရုံးတွေက များသောအားဖြင့် မြို့နယ်၊ မြို့နယ်ခွဲအထိ တစ်နိုင်ငံလုံးမှာ ၄၁၄ ရုံးအထိ စာကြည့်တိုက်တွေ ဖွင့်လှစ်ပြီး ဆောင်ရွက်နေတာဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ ဝန်ထမ်းတွေက အနယ်နယ်အရပ်ရပ်မှာရှိတဲ့ အတွက်ကြောင့်မိုလို့ ပြည်သူတွေ ထဲကို နိုင်ငံတော်အစိုးရရဲ့ မူဝါဒလေးရပ်အရ အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းစဉ်တွေကို ပြည်သူတွေ သိအောင် ထဲထဲဝင်ဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာ ကျွန်တော်တို့ လုပ်နေတဲ့ ဟောပြောပွဲတွေ၊ လက်ကမ်းစာစောင်တွေ၊ နံရံကပ်ဘုတ်တွေနဲ့ ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။ 

တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ဝန်ထမ်းတွေက ပြည်သူတွေထဲကနေပြီးတော့ ပြည်သူတွေရဲ့ အသံတွေ၊ ပြည်သူတွေရဲ့ခံစားချက်တွေ၊ အကြံပြုချက်တွေ၊ ပြည်သူတွေရဲ့ သိရှိစေချင်တဲ့ အချက်တွေ ကို ပြန်လည်ရယူပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့၊ ဝန်ကြီးရုံးနဲ့ ဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့တွေ သိအောင် ကျွန်တော်တို့က ပြန်လည် တင်ပြ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဦးကျော်စိုး
ဦးဆောင်ညွှန်ကြားရေးမှူး
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
မေး ။ ။ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအနေနဲ့ သတင်းမီဒီယာကဏ္ဍ ဖွံ့ ဖြိုးအောင် ရက် ၁၀၀ အတွင်း ဘယ်လိုမူဝါဒ တွေနဲ့ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

ဖြေ ။ ။ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းအနေနဲ့ နေ့စဉ်ထုတ် သတင်းစာသုံးစောင်ကို ပုံနှိပ်ထုတ်ဝေ လျက်ရှိပါတယ်။ 

အဲဒီလိုထုတ်ဝေရာမှာ နိုင်ငံပိုင်သတင်းစာဖြစ်တဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာ နှစ်စောင်နဲ့ ပုဂ္ဂလိကနဲ့ အကျိုးတူ Joint Venture စနစ်ဖြင့် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ Global New Light of Myanmar သတင်းစာတို့ပဲဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့သစ်ရဲ့ ပြည်သူ့အတွက် ပထမ ရက် ၁၀၀ ဆောင်ရွက်မှု အစီအစဉ်မှာ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနဲ့ စာနယ်ဇင်း လုပ်ငန်း အနေနဲ့ နေ့စဉ်ထုတ် သတင်းစာ တွေကို အသွင် ဏ္ဍာန်နဲ့ အနှစ်သာရပိုင်း ပြုပြင်ပြောင်းလဲမှု အမြတ်အစွန်းကို ဦးစားမပေးဘဲ ပြည်သူ့အတွက် ဝန်ဆောင်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်မှုဆိုတဲ့ အပိုင်းနှစ်ပိုင်းနဲ့ အကောင် အထည်ဖော် ဆောင်ရွက်နေပါတယ်။

အဲဒီလို သတင်းစာတွေ အသွင်သဏ္ဍာန်းနဲ့ အနှစ်သာရ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှု အပိုင်းမှာ မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာတွေရဲ့ သတင်းစာအမည်၊ လိုဂိုနဲ့ ဒီဇိုင်းတွေကို အဲဒီ သတင်းစာတွေရဲ့ အမှတ်တံဆိပ် ထိန်းသိမ်းမှုနဲ့ ပြောင်းလဲဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် သတင်းစာမှာ စာလုံးပုံစံ၊ စာဖောင်ပြင်ဆင်စုဖွဲ့မှုနဲ့ ဒီဇိုင်းများ ဆန်းသစ်တီထွင်မှုတွေ ကိုလည်း ပြောင်းလဲဆောင် ရွက်နေပါတယ်။ သတင်းရေးသားရာ မှာလည်း သတင်းခေါင်းစဉ်တပ်တဲ့ ပုံစံကစပြီး သတင်းအရေးအသား ပုံစံတွေကို ပြောင်းလဲဆောင်ရွက်နေပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ ဝါဒဖြန့်ချိမှုမျိုး မဟုတ်ဘဲ နိုင်ငံတော်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေ သိရှိနိုင်ဖို့ အစီရင်ခံတဲ့ ပုံစံဖော်ပြပေးဖို့နဲ့ တစ်ချိန်တည်းမှာ နိုင်ငံရဲ့ ကဏ္ဍစုံမှာ လစ်ဟာချက်၊ ချို့ယွင်း အားနည်းချက်များ ရှိနေမှုအပေါ် ထောက်ပြမှု၊ ဝေဖန်သုံးသပ်မှုနဲ့ အကြံပြုချက်ပုံစံများနဲ့ ပြည်သူ့ဆန္ဒများ၊ လိုလားချက်များကို တာဝန်ရှိသူတွေ သိရှိဆောင်ရွက်နိုင်ဖို့ ဖော်ပြပေးတဲ့ “အသွားအပြန်ရှိတဲ့ ပေါင်းကူး တံတားပုံစံမျိုး” ကြိုးပမ်းဆောင်ရွက်နေပါတယ်။

ဒါ့အပြင် ထိလွယ်ရှလွယ်ရှိနိုင်ပြီး အကဲဆတ်တဲ့သတင်း အချက်အလက်များကို ဂရုပြုပြီး စာနယ်ဇင်း ကျင့်ဝတ်နဲ့အညီ စိစစ်ထိန်းသိမ်း ဆောင်ရွက်သွားမှာ ဖြစ်သလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆ ရေး သားဖော်ပြခွင့် တိုးတက်စေဖို့ အတွက်လည်း အားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို မြန်မာ့ အလင်းနဲ့ ကြေးမုံသတင်းစာတွေကို စာမျက်နှာ (၃၂) မျက်နှာနဲ့ ထုတ်ဝေ လျက်ရှိရာမှာ ကြော်ငြာစာ မျက်နှာတွေကို လျှော့ချပြီး ပြည်သူ့ အကျိုးပြု သတင်းစာမျက်နှာတွေ တိုးမြှင့် ဆောင်ရွက်လျက် ရှိပါတယ်၊ တခြားတစ်ဖက်မှာလည်း ကြော်ငြာလုပ်ငန်းနဲ့ ပြည်သူကို ဝန်ဆောင်မှုပေးဖို့ တာဝန် ရှိတာကြောင့် ကြော်ငြာ ဝင်ရောက်မှု အပေါ်မူတည်ပြီး ပြည်သူ့လိုအပ်ချက်ကိုလည်း ဖြည့်ဆည်း ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။

ကြော်ငြာများလျှော့ချရာမှာလာမယ့် ဇွန်လ ၁ ရက်နေ့ကစပြီး ပြင်ပကြားညှပ်ကြော်ငြာများကို လျှော့ချ ထားပါတယ်။ အဲဒီလိုလျှော့ချလိုက်ခြင်းအားဖြင့် ပြင်ပကြားညှပ် ကြော်ငြာ စာမျက်နှာတွေမှာ ပါဝင်မယ့် ကြော်ငြာတွေဟာ အခြားသတင်းစာနဲ့ ဂျာနယ်တွေဆီကို ခွဲဝေရောက်ရှိ သွားမယ် ဆိုရင် သူတို့ အတွက်လည်း တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်လိမ့်မယ်လို့ ထင်မြင်ပါတယ်။

ဒီလိုဆောင်ရွက်မှုကြောင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှာ ပြင်ပ ကြားညှပ်ကြော်ငြာလုပ်ငန်းများမှ ရရှိနေတဲ့ ဝင်ငွေ လျော့နည်းသွားမှာ ဖြစ်သော်လည်း သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းအနေနဲ့ အမြတ်အစွန်းကို ဦးစားမပေးဘဲ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းကို အဓိကထားပြီး ဆောင်ရွက်သွား မှာဖြစ်ပြီး ပြည်သူ့ဘဏ္ဍာငွေ မဆုံးရှုံးစေရန်အတွက်သာ ချိန်ဆပြီး ဂရုပြုဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သတင်းစာဖြန့်ချိရေး လုပ်ငန်းတွေကိုလည်း ပြည်သူ့ထံ အချိန်စောစီးစွာ ဖြန့်ချိနိုင်ဖို့အပြင် လက်လှမ်းမီတဲ့ကျေး ရွာတွေအထိ သတင်းစာများ ရောက်ရှိနိုင်ဖို့ကိုလည်း ရည်မှန်း ချက်ထားပြီး ပို့ဆောင်မှု နည်းလမ်းများ တိုးမြှင့်ဆောင်ရွက် လျက်ရှိပါတယ်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအနေနဲ့ နိုင်ငံပိုင် သတင်းစာများကို အသွင်ဏ္ဍာန်နဲ့ အနှစ်သာရ တိုးတက် ပြောင်းလဲရေး၊ အမြတ်အစွန်းကို ဦးစားမပေးဘဲ ပြည်သူတွေကို အကျိုးပြုတဲ့ ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်ရေး မျှော်မှန်းချက်တွေနဲ့အညီ ပြည်သူ့အတွက် ပထမရက် ၁၀၀ အစီအမံမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုပါတယ်။




No comments:

Post a Comment