Wednesday, September 7, 2016

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်သူ့အတွက်ပထမ ရက် ၁၀၀ အတွင်း ဘာတွေ လုပ်မှာလဲ 


မေ ၂၆
ပြည်ပရောက် မြန်မာနိုင်ငံသားများအနက် ရာဇဝတ်မှုကင်းရှင်းပြီး ယုံကြည်ချက် ကြောင့် သို့မဟုတ် နိုင်ငံရေးလှုပ်ရှားမှုကြောင့် အမည်မည်းစာရင်း (Black List)တွင် ထည့်သွင်း ခံထားရသူများကို အမည်မည်းစာရင်းမှ ထုတ်ပယ်နိုင်ရေး၊ မြန်မာနိုင်ငံ ဆိုင်ရာ သံရုံးများသည် မိဘအိမ်အရိပ်သဖွယ် ပြည်ပရောက် မြန်မာနိုင်ငံသားများ အားကိုး အားထားရာအဖြစ် ကြိုးပမ်း ဖော်ဆောင် သွားမည် ဖြစ်သကဲ့သို့ ပြည်ပရောက် မြန်မာနိုင်ငံသားများ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံ၏ ဥပဒေနှင့်အညီ အခွင့်အရေးများ အပြည့်အဝ ရရှိစေရေး၊ မြန်မာနိုင်ငံသားဟောင်းများ၏ စွမ်းအား အရင်းအမြစ်များကို နိုင်ငံ တည်ဆောက်ရေးတွင် ပါဝင်လာစေရန် ပြည်ဝင်ဗီဇာ လွယ်ကူစွာရရှိရေး၊ ပြည် နေခွင့် ပိုမိုရရှိရေးတို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ရက် ၁၀၀ အတွင်း ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်သည်။
နိုင်ငံတကာဆက်ဆံရေးတွင် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန် ချစ်ကြည်ရေး ခရီးစဉ်များ သွားရောက်ရေး၊ နိုင်ငံပေါင်း ၁၁၆ နိုင်ငံနှင့် သံတမန် ဆက်ဆံထူထောင်ထားပြီး တိုးချဲ့ထူထောင်နိုင်ရန် နိုင်ငံ ၄ နိုင်ငံနှင့် လက်မှတ် ရေးထိုးနိုင်ရေး၊ Diplomatic Academy တည်ထောင်နိုင်ရေး အတွက် နိုင်ငံတကာ ပညာရှင်များနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရေး၊ နိုင်ငံခြား သံအမတ်ကြီးများ၊ UN နှင့် နိုင်ငံတကာအဖွဲ့အစည်း အကြီးအကဲများ၏ ပြည်တွင်းခရီးသွားလာ မှု၊ ပြည်ဝင်ဗီဇာ၊ ပြည်နေခွင့်စသည်တို့ကို လွယ်ကူသွက်လက်စွာ ဆောင်ရွက်ပေးနိုင်ရေး၊ အစိုးရဝန်ထမ်း များနှင့် ဝန်ကြီးဌာနများအတွက် နိုင်ငံခြား ရေးရာ မူဝါဒကော်မတီ၏ လုပ်ထုံးလုပ်နည်း များ ဖြေလျော့ပေးရေးကိုလည်း အကောင်အထည်ဖော်သွားမည်ဖြစ်သည်။
ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွား ကာကွယ်မြှင့်‌တင်ရန် မြန်မာ သံရုံး/အဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများကလည်း ပိုမို၍ လျင်လျင်မြန်မြန် လွယ်လွယ် ကူကူဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ပြည်ပတွင်လက်ရှိတာဝန် ထမ်းဆောင် နေသည့် မြန်မာသံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများကို နေပြည်တော်တွင် ဖြစ်စေ ပြည်ပတွင်ဖြစ်စေ မကြာမီ စုပေါင်းခေါ်ယူတွေ့ဆုံပြီး ပြည်ပရောက် မြန်မာနိုင်ငံသား များ၏ တရားဝင်အကျိုးစီးပွားများ ကာကွယ်ပေးရန်၊ အစိုးရသစ်၏ ပြောင်းလဲလာသည့် မူဝါဒများအသိပေး ပြောကြားရန်နှင့် အမြင်ချင်းဖလှယ်ရန် ဆောင်ရွက်သွားမည်ဖြစ် သည်။
မြန်မာနိုင်ငံသားဟောင်းများ၏ အတွေ့အကြုံနှင့် နည်းပညာစွမ်းအားစုများကို မြန်မာနိုင်ငံ၏ တည်ဆောက်ရေးလုပ်ငန်းများတွင် တိုးမြင့်ပါဝင်လာကြစေရန် ပြည်ဝင် ဗီဇာ ပိုမိုလွယ်ကူစွာ ရရှိရန်နှင့် ပြည်နေခွင့်ပိုပြီး ရရှိရန် လုပ်ထုံးလုပ်နည်းများကို သိသိ သာသာ ဖြေလျော့ဆောင်ရွက်ပြီး ပြစ်မှုကျုးလွန်ခြင်းမရှိဘဲ နိုင်ငံရေးယုံကြည်ချက် ကြောင့် အမည်မည်းစာရင်း တင်သွင်းခံရပြီး ပြည်ပြန်ခွင့် ပိတ်ပင်တားမြစ် ခံထားရသည့် ကိစ္စများဖယ်ရှားပေးနိုင်ရန် (၁၀၀)အတွင်း ထိရောက်သည့် ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်သွားမည်ဖြစ်သည်။
ပြည်ပတွင် နိုင်ငံသားများ အလုပ်လုပ်ရာတွင် သက်ဆိုင်ရာအိမ်ရှင် နိုင်ငံများ၏ ဥပဒေစည်းမျဉ်းများ၊ နိုင်ငံတကာစည်းမျဉ်း စည်းကမ်းများနှင့်အညီ ရသင့်ရထိုက်သည့် အခွင့်အရေးများ ၊ အကာအကွယ်များ ရရှိရန် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်ပေး သွားမည် ဖြစ်ကာ မြန်မာနိုင်ငံသား ဟောင်းများအတွက် လူမှုရေးဗီဇာ (social visa) ဖြင့် ပြည်နေခွင့်(၂၈)ရက် သာခွင့်ပြုထားသည်ကို(၃)လမှ(၆)လထိ တိုးမြင့် နေထိုင်ခွင့် ရရှိစေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
နိုင်ငံတော်နှင့် ပြည်သူပြည်သားများ၏ အကျိုးစီးပွားကို ကာကွယ် မြှင့်တင်ရေး ကို မျှော်မှန်းချက် (vision)အဖြစ် သတ်မှတ်ပြီး လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေး မူဝါဒကို အကောင်အထည်ဖော်နိုင်ရန် အမျိုးသားအကျိုးစီးပွားအတွက် ကမ္ဘာ့နိုင်ငံ အားလုံးနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ တရားဝင်ရပိုင်ခွင့်များ၊ အကျိုးစီးပွားများကို ကာကွယ်ပေးရေး အတွက် ကူညီဆောင်ရွက်ရေး၊ နှစ်ပြည်ထောင် အဆင့်၊ ဒေသတွင်းအဆင့်နှင့် နိုင်ငံတကာ အဆင့်များတွင် ကုလသမဂ္ဂနှင့် လက်အောက်ခံ အဖွဲ့အစည်း များနှင့်အတူ တက်ကြွစွာ ပါဝင်ပြီး မြန်မာနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားအတွက် အကူအညီများ ရရှိရန် ဆောင်ရွက် ပေးရေးနှင့် နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ နှင့် နိုင်ငံတကာပုံရိပ် ပြန်လည်ကောင်းမွန်လာရေးကို နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် အဓိကအလေးပေး ဆောင်ရွက်သွားမည်ဖြစ်သည်။







No comments:

Post a Comment